ရေဖြူမြို့နယ်တွင် ဒေသခံများစီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ ၆ ဦး ထိခိုက် ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
07 March 2023
ရေဖြူမြို့နယ်တွင် ဒေသခံများစီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ ၆ ဦး ထိခိုက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီးတွင် မတ်လ ၅ ရက်နေ့ ညနေပိုင်းက ဒေသခံများစီးနင်းလာသည့် ကားတစ်စီးပစ်ခတ်ခံရပြီး အရပ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟုဒေသခံများက ပြောဆိုထားသော်လည်း စစ်ကောင်စီထောက်ခံသူများက တယ်လီဂရမ်တွင် PDF အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု အပြန်အလှန် စွပ်စွဲထားသည်ကို တွေ့ရသည်။

သို့သော် ရေဖြူမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖက်ကမူ ၎င်းတို့ ပစ်ခတ်ခြင်း မရှိကြောင်း မဇ္ဈိမကို ငြင်းဆိုထားသည်။

ကလိန်အောင်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် Spring Dhamma မှ ဆက်သွယ်ရေးနှင့်ပြန်ကြားရေး တာဝန်ခံ ကိုလင်းယုန်က “စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေ သူတို့မှားပစ် တာကိုဝန်မခံဘဲ PDF တပ်ဖွဲ့ကပစ်ပါတယ်ဆိုပြီးတော့ မဟုတ်မမှန် အလိမ်ညာသတင်းတွေ ဖြန့်ထား တယ်” ဟု ပြောသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်မှာ မတ်လ ၅ ရက်  ည ၇ နာရီ အချိန်တွင် ရေဖြူမြို့နယ်တွင် ဘောလုံးကန်ပြီး မရမ်း ချောင်းရွာသို့ ပြန်လာသော လူငယ် ၁၅ ဦး လိုက်ပါလာသည့် Hijet- အဖြူရောင်ကားတစ်စီးသည်  ရေး-ထားဝယ်လမ်း မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ မိုင်ကြား  အရောက်တွင်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“အခင်းဖြစ်တဲ့အချိန်မှာ မိုင် ၄၀ နားလောက် အရောက် ကင်းပုန်း ဝပ်နေတဲ့ စကစ(စစ်ကောင်စီတပ်ဖွဲ့) တွေက ကားရပ်ခိုင်းတာ မရပ်ပေးလို့ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကားပေါ် ၌ပါလာသည့် မရမ်းချောင်း ဒေသခံနှစ်ဦး၊ ကျောက်ရှပ် ဒေသခံ နှစ်ဦး၊ ဆောက်လုပ်ရေးအလုပ်သမား တစ်ဦး စုစုပေါင်း အရပ်သားငါးဦး ကျည်ထိမှန် ဒဏ်ရာ၊ ရှပ်ထိ ဒဏ်ရာ စသဖြင့် ဒဏ်ရာ အသီးသီး ရခဲ့ကြပြီး လက်ရှိတွင် ကလိန်အောင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly