မဏိပူပြည်နယ်အကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၃ ဦး အာမခံဖြင့် လွတ်မြောက်

By ပါခွီး
07 March 2023
မဏိပူပြည်နယ်အကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၃ ဦး အာမခံဖြင့် လွတ်မြောက်

မဇ္စျိမ။ ။အိန္ဒိယနိုင်ငံ၊ မဏိပြည်နယ်၊ အင်ဖားအကျဉ်းထောင်တွင် ထိန်းသိမ်းရေးစခန်းဖွင့်လှစ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများအနက်မှ မြန်မာစစ်ဘေးရှောင်သုံးဦး အာမခံဖြင့်လွတ်မြောက်လာကြောင်း သိရ သည်။

အာမခံဖြင့်လွတ်မြောက်လာသူများမှာ Jamkhosei Touthang (၇၀ နှစ်)၊ Sonminthang Lame (၂၃ နှစ်) နှင့် Willian (၂၀ နှစ်)တို့ဖြစ်ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်။

“အသက်ကြီးတဲ့သူကတော့ ကျန်းမာရေးမကောင်းတဲ့အတွက်နဲ့ ကျန်နှစ်ယောက်က လူငယ်ကျောင်းသား အရွယ်ဖြစ်တဲ့ဆိုတဲ့ သက်ညှာတဲ့ စဉ်းစားမှုနဲ့ တရားသူကြီးက အာမခံနဲ့ လွှတ်ပေးလိုက်တာလို့ သိရတယ်” ဟု Burma Refugee Committee Kabaw Valley နာယက ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။

လွတ်မြောက်လာသူသုံးဦး၏ မိသားစုဝင်များမှ ၎င်းတို့အဆက်အသွယ်များဖြင့် သီးခြားဆက်သွယ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် အသက်(၁၈)နှစ်အောက် ကိုးဦးပါဝင်ပြီး ၎င်းတို့အားလည်း ကျောင်းသား လူငယ်အရွယ်များဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အာမခံရရန် ရှေ့နေမှတဆင့် ကြိုးစားဆောင် ရွက်နေကြောင်း ဆိုသည်။

သို့သော် တရားသူကြီးများအနေဖြင့် အစိုးရ၏ပေါ်လစီဖြင့် ဖမ်းဆီးထိန်းသိမ်းသည့်အတွက် အစုအဖွဲ့လိုက် ပြန်လွှတ်မပေးရဲကြောင်း တရားရုံးနှင့်နီးစပ်သောအသိုင်းဝိုင်းများမှတဆင့်သိရကြောင်း ဦးထန်ဆေးကဆို သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းက ထိန်းသိမ်းထားသူများထဲမှ ကိုဒဲမ်ခိုလွန်း (၃၂ နှစ်)သည် ရုတ်တရက် သေဆုံးသွားခဲ့သည့်အတွက် ထိန်းသိမ်းခံရသူများ၏မိသားစုဝင်များအကြားတွင် စိုးရိမ်မှုများမြင့်တက် နေပြီး ၎င်းတို့ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးပမ်းအားထုတ်လာကြောင်း သိရသည်။

ထိန်းသိမ်းရေးစခန်းဟုဆိုသော အင်ဖားမြို့ရှိ Sajiwa အကျဉ်းထောင်တွင်းရှိ အဆောက်အဦးဟောင်း တစ်ခုတွင် စစ်ဘေးရှောင်များကို အကျဉ်းချထားကာ သံမံသလင်းပေါ်တွင်အိပ်စက်ရပြီး အစားအသောက် ညံ့ဖျင်းပြီး ကျန်းမာရေးနှင့်မညီညွတ်ကြောင်း ထိန်းသိမ်းခံမိသားစုဝင်များထံမှသိရသည်။

မဏိပူပြည်နယ် မိုးရေးမြို့အနီးတွင် ဇန်နဝါရီလ ၂၆ ရက်နှင့် ၃၀ ရက်နေ့က မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ဥပဒေ ပုဒ်မ(၁၄)ဖြင့် ဖမ်းဆီးတရားစွဲဆိုထား ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ စစ်ဘေးရှောင်များကို ခိုးဝင် ဥပဒေ ဖြင့် ငါးကြိမ်ထက်မနည်းဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၃၉၃ ဦး ထိန်းသိမ်းခံထားရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required