တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကောင်အထည် ဖော်ရန်လိုအပ်

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကောင်အထည် ဖော်ရန်လိုအပ်

ချင်းမိုင်၊ မတ် ၁၉ ။          ။ အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းရန်သာ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တောင်းဆိုနေသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် အဓိက အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

 “အဓိကအားဖြင့် တိုင်းရင်းသားတွေ ပြောမယ်ဆိုရင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဦး တည်တာပါဘဲ။ အဲဒါကို ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲ။ နည်းနည်းပါးပါးအရင်က မပေးထားတဲ့ ပိတ်ပင်ထားတဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှုတွေ နည်းနည်းပါးပါးဖော်ပေးလိုက်ရုံနဲ့တော့ မလုံလောက်ဘူး။ အဲဒါတော့ ပြောချင်တယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

အစိုးရ သစ်အနေဖြင့် ယခင်အစိုးရ လက်ထက်က ထားရှိသော ဝန်ကြီးဌာန ၃၆ ခုမှ ၁၅ ဌာနကို လျော့ချကာ ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိမည် ဖြစ်ပြီး ထိုဝန်ကြီးဌာနများထဲတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို အသစ်ထပ်တိုး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများ လျော့ချလိုက်သည့်အတွက်  နိုင်ငံတော် အသုံးစရိတ်များ ကုန်ကျမှုသက်သာလာမည် ဖြစ်သော်လည်း လုပ်ငန်း၏ လိုအပ်မှု မည်သို့ ဖြစ်ပေါ်လာနိုင်မှုကို အတိအကျ မပြောဆိုနိုင်သေးကောင်း သူက ပြောသည်။

အစိုးရသစ်အနေဖြင့် ဝန်ကြီးဌာနများ လျော့ချခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းထားမှုအပေါ် ကြိုဆိုလိုက်ကာ  ပြည်နယ်နှင့် နယ်စပ်ရေးရာဝန်ကြီးများကိုလည်း တိုင်းရင်းသားများကိုသာ တာဝန်ပေးလျှင် ပိုမိုသင့်တော်မည်ဟု ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး(PSLF) ဥက္ကဌ မိုင်အိုက်ဘုန်းက ပြောသည်။

“အဓိကတော့ အခုဖြစ်ပျက်နေတဲ့ ပြည်တွင်း စစ်ဘယ်လို ရပ်စဲမလဲ။ အဲဒါဘဲ ဦးစားပေးပြီးတော့ ဖြေရှင်းစေချင်တယ်။ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့အတွက် ကျနော်တို့မျော်လင့်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တစ်ချိန်ထဲမှာပင် တက်လာမည့် အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကိုယ်စားလှယ် ၁၃ ဦးပါ “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ”ကလည်း မတ် ၁၆ နှင့် ၁၇ ရက်များတွင် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly