ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာအနီးတွင် ကျွဲကောခြံပိုင်ရှင်နှင့် ခြံလုပ်သား သတ်ဖြတ်ခံရ 

By YT  ( မဇ္ဈိမ)
07 March 2023
ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာအနီးတွင် ကျွဲကောခြံပိုင်ရှင်နှင့် ခြံလုပ်သား သတ်ဖြတ်ခံရ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် ဦးစိုးသန်း (ခ) တရုတ်စိုးသန်းနှင့် ၎င်း၏ခြံလုပ်သားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အင်္ဂဘိုကျေးရွာ၊ ရှမ်းစုရှိ ဦးစိုးသန်းပိုင်ဆိုင်သော ဥယျာဉ်ခြံအတွင်း ၎င်း၏အလုပ်သမားဖြစ်သူ ကိုစိုးလင်းဦးနှင့် ဦးစိုးသန်းအား သေဆုံးလျက်တွေ့ရ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ 

“တရုတ်ခြံ( ဦးစိုးသန်း၏ခြံ)ထဲကိုက အဲ့ဒီညကတည်းက စစ်သားတွေရောက်နေတာ တွေ့တယ်။ အများ ကြီးပဲ။ လက်နက်ကြီးသံတွေသေနတ်သံတွေတော့ ကြားရတာပဲ။ တရုတ် ဘယ်အချိန်ကသေသွားလဲတော့ ကျွန်တော်တို့ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသက်(၇၂)နှစ်အရွယ်ရှိ ဦးစိုးသန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လက်နှစ်ဖက်လုံးရှိ လက်ကောက် ဝတ်၊ တံတောင်ဆစ်ရိုးများ ကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကိုစိုးလင်းဦးသည်လည်း လက်ပစ်ဗုံးအစ များထိမှန်၍ ဒူး၊ လက်နှင့် ပါးတို့တွင် ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက် လက်ပစ်ဗုံးနဲ့ သွားပစ်တယ်ဆိုပြီး ကြားထားတယ်။ တချို့ကျတော့ လည်း မိုင်းနင်းမိပြီးသေတယ်ပြောတယ်၊ ပြောနေကျတာတော့အစုံပဲ။ ဘယ်အဖွဲ့ကလုပ်တယ်၊ ဘယ်သူ တွေလုပ်တယ်ဆိုတာတော့ အခုထိ အတိအကျမသိရသေးပါဘူး” ဟု KNU တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“ဒီလူ( ဦးစိုးသန်း)ကလည်း နဂိုကတည်းက စစ်တပ်လူ။ တပ်မဟာ(၁) တပ်ရင်း(၃)ကို စစ်ကြောင်းထိုး မယ့်စစ်သားတွေက သူ့ခြံမှာပဲအခြေချတာ။ ဒါကလည်း အမြဲတမ်းပေါ့နော်။ တရုတ်ခြံ( ဦးစိုးသန်းခြံ) ထဲမှာ စစ်သားတွေရောက်နေပြီဆိုရင် ကျွန်တော်တို့ဆီ စစ်ကြောင်းထိုးမယ်ဆိုတာ အသေအချာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်မှ တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကြောင်းထိုးပါက ဦးစိုးသန်း ခြံတွင်အခြေချပြီး ခြံရှိဂိုထောင်အတွင်း၌ စစ်သုံးပစ္စည်းများထားကြောင်း သိရသည်။
ဦးစိုးသန်းနှင့် ကိုစိုးလင်းဦးတို့အား မည်သည့်အဖွဲ့ကလုပ်ကြံသတ်ဖြတ်ခဲ့သည်ကို ယနေ့အထိ အတည်ပြု နိုင်ခြင်း မရှိသေးချေ။

မတ်လ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ကတည်းက  စစ်ကောင်စီတပ်သားအများအပြားသည် ဦးစိုးသန်း ပိုင်ဆိုင်သော ခြံအတွင်းရောက်ရှိနေခြင်းဖြစ်ပြီး ထိုညတွင် စစ်ကြောင်းထိုးကာ တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

“တရုတ်စိုးသန်း သေတဲ့နေ့မှာပဲ တိုက်ပွဲဖြစ်တယ်။ ဆောင်နိုင်ကြီးဘက်ခြမ်းကနေ တက်လာတာ။  ပွဲဖြစ် တာက ရဲဘော်တွေ ညနေစာထမင်းစားချိန်။ အထိအခိုက်၊ အကျအဆုံးတွေတော့ရှိမယ်။ ဒါပေမယ့် အခုထိ အတိအကျ မသိရသေးပါဘူး” ဟု ရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၄ ရက်နေ့မှစ၍ KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ခြင်း၊ သိမ်ဇရပ်အခြေစိုက် ခလရ(၂၀၇)၊ အ.မ.တ (၃၁၀) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ် နေသဖြင့် ကျေးရွာများအတွင်းရှိ ရွာသူရွာသားများ ဘေးကင်းရာသို့ ရှောင်ပြေးရန် စီစဉ်နေကြကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly