မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲရန်စီစဉ် 

By 007 (မဇ္ဈိမ)
07 March 2023
မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲရန်စီစဉ် 

မန္တလေးမြို့တွင်းပြေးဆွဲနေသော သုံးဘီးအငှားယာဉ် (မီနီအိုးဝေ) များအားလုံးကို အဝါရောင်တစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်သွားရန် စစ်ကောင်စီ၏ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း)က စီစဉ်နေကြောင်း သတင်းရရှိသည်။ 

မန္တလေးမြို့အား မြို့အင်္ဂါရပ်နှင့်ညီစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းစနစ်တကျဖြစ်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်သည့် အသိပေးစာတွင် ပါရှိသည်။ 

ထိုသို့ပြောင်းလဲရန်စီစဉ်ခြင်းသည် အမှန်တကယ်မလိုအပ်ဘဲ ပြည်သူကို ငွေကုန်ကြေးကျ ခံခိုင်းခြင်းသာဖြစ်၍ စီးပွားရေးအကျပ်အတည်းဖြစ်စေကြောင်း ယာဉ်ပိုင်ရှင်များနှင့် မြို့နေလူထုတို့ အကြား ဝေဖန်မှုများရှိနေသည်။ 

“ တကယ်လုပ်ရမှာက အဲဒီမီနီအိုးဝေတွေကို လမ်းအသုံးပြုမှု စည်းကမ်းရှိအောင် ကြပ်မတ်ရမှာ၊ မ၀င်ရမယ့်နေရာ မ၀င်ရအောင်၊ လမ်းတွေပေါ်စည်းကမ်းတကျသွားလာတတ်အောင် စသဖြင့်ပေါ့။ အခွန်ရပြီးရောဆိုပြီး ညွှန်ကြားချက်တစ်မျိုးပြီး တစ်မျိုးထုတ်နေရင် ပြည်သူပဲနစ်နာရတယ်” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။ 

မန္တလေးမြို့တွင်းပြေးဆွဲနေကြသည့် လူစီးသုံးဘီးအငှားယာဉ် (မီနီအိုးဝေ) များသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဝါရောင် (Code 455) အား တစ်ပြေးညီ ပြောင်းလဲရမည် ဖြစ်သည်။ 

သတ်မှတ်ရက်အတွင်းပြောင်းလဲခြင်းမရှိသည့်ယာဉ်များအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။ 

“ ဆေးအရောင်ပြောင်းဖို့အတွက်က ငွေလိုတယ်။ ငွေရဖို့ ဒီရက်ထဲပိုရှာရုံရှိတာပဲလေ။ ဘာတတ်နိုင်မှာလဲ၊ ဆေးပြောင်းပြီးရင်လည်း ယာဉ်စစ်ခ ဆေးရောင်ပြောင်းခ မှတ်ပုံတင်ခ ဘာညာကရှိသေးတယ်။ လူတွေကို အခက် မတွေ့တွေ့အောင်လုပ်တာလို့ပဲ မြင်တယ်” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

သတ်မှတ်ဆေးရောင်းပြောင်းလဲပြီးသည့်ယာဉ်များသည် ယာဉ်စစ် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းတွင် မတ်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရုံးချိန်အတိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ 

ယာဉ်စစ်ဆေးခ ၅,၀၀၀ ကျပ်၊ ဆေးရောင်းပြောင်းခ ၂၀,၀၀၀ ကျပ်၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်နှင့် Hologram ခ ၄၀၀ ကျပ်၊ စုစုပေါင်း ၂၅,၄၀၀ ကျပ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆေးရောင်ပြောင်းခြင်းအတွက် အခွန်အခများ ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော် စာတွင်ဖော်ပြထားသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly