ဖိလစ်ပိုင်တွင် အမေရိကန် စစ်စခန်းငါးခုချထားရန် အမေရိကန်-ဖိလစ်ပိုင်သဘောတူ

ဖိလစ်ပိုင်တွင် အမေရိကန် စစ်စခန်းငါးခုချထားရန် အမေရိကန်-ဖိလစ်ပိုင်သဘောတူ

ဝါရှင်တန်၊ မတ်၁၉ ။      ။ တရုတ်နှင့် တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် လုံခြုံရေးသဘောတူညီချက်အရ ဖိလစ်ပိုင်တွင် အမေရိကန်စစ်စခန်းများအတွက် နေရာငါးခုနှင့် ပတ်သက်၍ သဘောတူညီမှုရရှိသွားပြီဟု အကြီးတန်းအမေရိကန်အရာရှိတစ်ဦးက မတ် ၁၈ တွင်ပြောသည်။

ယခုသဘောတူညီချက်မှာ လွန်ခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးသဘောတူညီချက်(EDCA)အရ ဖြစ်ကြောင်း အမေရိကန် ဒု-လက်ထောက် ကာကွယ်ရေးကြီး အေမီဆီးရိုက်က ပြောသည်။ EDCA အရ အမေရိကန်စစ်တပ်သည် လူသားချင်းစာနာမှုဆိုင်ရာနှင့် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရေးအတွက် ဖိလစ်ပိုင်တွင် သင်္ဘော၊ လေယာဉ်များအလှည့်ကျဝင်ထွက်သွားလာခွင့်ရမည်ဖြစ်သည်။

မနီလာသည် အမေရိကန်၏ အရေးကြီးသည့် မဟာမိတ်တစ်ဦးဖြစ်ပြီး ဆက်ဆံရေးမှာ ယခုလောက်မည်သည့်အခါကမျှ အားကောင်းခဲ့ခြင်းမရှိဟု ဆီးရိုက်က အမေရိကန်-ဖိလစ်ပိုင် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု နှစ်ပတ်လည်ပွဲ အဖွင့်တွင် ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်ချထားမည့် နေရာများနှင့် ပတ်သက်၍ ဆီးရိုက်က အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

သို့သော်လည်း သဘောတူညီချက် အကောင်အထည်ဖော်ရေး ဆွေးနွေးရန် ဧပြီလတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာ ဖိလစ်ပိုင်သို့ သွားရောက်မည်ဟု ၎င်းက ပြောသည်။
ဒေသတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် အမေရိကန်ဒေါ်လာသန်း ၅၀ ကူညီရန် ရည်ရွယ်ထားပြီး ဖိလစ်ပိုင်က အများဆုံးရရှိမည်ဖြစ်ကြောင်း ဆီးရိုက်က အမေရိကန် ကွန်ဂရက်သို့   ပြောကြားခဲ့သည်။ ကူညီမည့်ငွေများမှာ ရေဒါနှင့် စောင့်ကြည့်မှုစွမ်းရည် မြင့်တင်ရေးဆီသို့ ရောက်ရှိသွားမည်ဟု မျှော်လင့်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly