တရုတ်ကွန်မြူနစ်ပါတီက ဗဟိုချုပ်ကိုင်မှုပိုမိုရရှိရန် ကြိုးပမ်းနေ

By   ANI 
07 March 2023
တရုတ်ကွန်မြူနစ်ပါတီက ဗဟိုချုပ်ကိုင်မှုပိုမိုရရှိရန် ကြိုးပမ်းနေ

သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အစိုးရ၏ဖွဲ့စည်းပုံကို ပြောင်းလဲကာ ဗဟိုချုပ်ကိုင်မှု ပိုမိုပြုလုပ်ရန် စီစဉ်နေကြောင်း Asia Times ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ၃ ရက်ကြာ ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြီးဆုံးခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့သည်။ 

ပါတီနှင့်နိုင်ငံတော်ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) က အပြီးသတ် အတည်ပြုရမည့် အဆိုပြုချက်ဖြစ်သည်။ အဆိုပါ အဆိုပြုချက်၏ ရည်မှန်းချက်မှာ လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး အရည်အသွေးမြင့် တိုးတက်မှုရရှိရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ရန် ဖြစ်သည်။

ထို့ပြင် အဆိုပါမဟာဗျူဟာသည် သမ္မတရှီကျင့်ဖျင်က နှစ်ရှည်လများ အားပေးထောက်ခံခဲ့သည့် ဗဟိုချုပ်ကိုင်မှုနှင့် တိုင်းပြည်ကို ထိန်းချုပ်မှုဆိုင်ရာ အတွေးအခေါ်များကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အသေးစိတ်လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြထားသည်။ 

ရှီကျင့်ဖျင်၏ မျက်နှာစုံညီအစည်းအဝေး မိန့်ခွန်းတွင် ပါတီအနေဖြင့် အစိုးရဌာနများ၏ ခေါင်းဆောင်မှုကို တိုးမြှင့်ပြီး စီစဉ်ထားသော ပြုပြင်ပြောင်းလဲမှုကို အပြည့်အဝအကောင်အထည်ဖော်ရေး သေချာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် ၎င်းရေးသားခဲ့သော ပါတီဖွဲ့စည်းပုံကို အားကောင်းခိုင်မာအောင်ဆောင်ရွက်ရန် တိုက်တွန်းသည့် ဆောင်းပါးကို သတိရမိကြောင်း အနီးကပ်လေ့လာသူများက ပြောကြားခဲ့သည်ဟု Asian Times တွင် ဖော်ပြထားသည်။ 

တရုတ်ကွန်မြူနစ်ပါတီသည် ပါတီဖွဲ့စည်းပုံအပိုင်းတွင် လုပ်ငန်းအဖွဲ့ပေါင်း ၁၄၅ ၀၀၀၊ ဒေသဆိုင်ရာ ပါတီအဖွဲ့အစည်းပေါင်း ၄ ဒသမ ၆၈ သန်းနှင့် ပါတီကော်မတီပေါင်း ၃ ၂၀၀ ကျော်ကို ဖွဲ့စည်းမထားပြီးဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
ထို့နောက် ရှီက “ကမ္ဘာပေါ်က တခြားဘယ်ပါတီမှာမှ မိမိတို့ပါတီလောက် အားသာချက်မရှိပါဘူး” ဟု ထပ်မံ ပြောကြားခဲ့သည်။ ပါတီတစ်ခု သည် ခိုင်မာသော အုပ်ချုပ်ရေးအာဏာနှင့် အဆင့်ဆင့်ထိန်းချုပ်သည့်နည်းဖြင့်  လုပ်ဆောင်သည့် အဖွဲ့အစည်းငယ်တစ်ခုရှိမှသာ ထိုကဲ့သို့သော အားသာချက်မှ အကျိုးအမြတ်ရနိုင်သည်ဟု ၎င်းက ရေးသားခဲ့သည်။

မြေပြင်တွင် တာဝန်ထမ်းဆောင်နေသည့်အရာရှိသည် ဗဟိုအာဏာပိုင်၏ အမိန့်ညွှန်ကြားချက်များကို ကဖျက်ယဖျက်မလုပ်နိုင်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။

ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်ခု တည်ထောင်ရန်နှင့် တရုတ်နိုင်ငံအား သွေးသစ်လောင်းမည့် မဟာအစီအစဉ်ကို မြှင့်တင်ရန် ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲရေး၏ အဓိကရည်မှန်းချက် ၂ ရပ်သည် နိုင်ငံတော်ကောင်စီနှင့် အစိုးရ လုပ်ငန်းတာဝန်များ ပြောင်းလဲရေးအတွက် ဖော်ဆောင်ခြင်းဖြစ်ကြောင်း Beijing Youth နေ့စဉ်သတင်းစာတွင် ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ပြခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly