ကင်ညာကုန်သွယ်ရေးဝန်ကြီးက China Square ဈေးဝယ်စင်တာကို ရပ်ဆိုင်းရန် လိုလားနေ

By ANI
06 March 2023
ကင်ညာကုန်သွယ်ရေးဝန်ကြီးက China Square ဈေးဝယ်စင်တာကို ရပ်ဆိုင်းရန် လိုလားနေ

ကင်ညာနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး မိုးဇက်ကူရီယာသည် ကင်ညာဈေးကွက်ရှိ China Square ဈေးဝယ်စင်တာကို လုပ်ငန်းလည်ပတ်မှု ရပ်တန့်စေချင်နေကြောင်း ကင်ညာအခြေစိုက် People Daily က ဖော်ပြသည်။

ကင်ညာတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများကို ထုတ်လုပ်သူများအဖြစ်သာလက်ခံထားပြီး ကုန်သည်များအဖြစ် လက်မခံကြောင်း ဝန်ကြီးက ပြောသည်။

“Unicity Mall ဈေးဝယ် ကုန်တိုက်ကြီးထဲက China Square ဆိုင်အတွက် အငှားချထားတာကို အပြတ်ဝယ်ပြီး Gikomba,Nyamakima, Muthurwa l& Eastleigh ကုန်သည်ကြီးများအသင်းကို လွှဲပေးဖို့ ဈေးဝယ်ဧရိယာကို ပိုင်တဲ့ ကန်ယက်တာတက္ကသိုလ်က ဒုအကြီးအကဲ ဝိုင်နိုင်နာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကမ်းလှမ်းခဲ့ပါတယ်။ ကင်ညာမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆိုပါတယ်။ ဒါပေမယ့် ထုတ်လုပ်သူအနေနဲ့ သာဖြစ်ပြီး ကုန်သည်တွေအဖြစ် မဟုတ်ဘူး” ဟု မိုးဇက်က ဆိုသည်။

China Square သည် ကင်ညာတွင် မကြာသေးမီက ဖွင့်လှစ်လိုက်သော ဈေးဝယ်စင်တာဖြစ်ကာ ကင်ညာသားများအား ဆွဲဆောင်လျက်ရှိပြီး လက်ရှိတွင် လူအစည်ကားဆုံး ဈေးဝယ်စင်တာများထဲမှ တစ်ခုဖြစ်ကြောင်း People Daily ကဖော်ပြသည်။

ကင်ညာသည် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် လိုအပ်သောအခြေခံအဆောက်အအုံနှင့် ပြည်သူ့ဝန်ဆောင်မှုများကို မြှင့်တင်ရာတွင် တရုတ်မှ အရင်းအမြစ်များစွာကို မှီခိုနေရသည်။ 
သို့သော် မှီခိုအားထားမှုက ဆိုးဝါးသော အတွေ့အကြုံများ ရခဲ့ကြောင်း Hong Kong Post ကဖော်ပြသည်။

ကင်ညာနိုင်ငံသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် ပါဝင်မှုကြောင့် တရုတ်နိုင်ငံမှ သွင်းကုန်များ များပြားလာကာ  အခြေခံအဆောက်အအုံများ တိုးချဲ့လာနိုင်သည်ဟု ယူဆနိုင်သည်။ သို့သော်လည်း ကင်ညာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းမှုမှာ ၉၇ ရာခိုင်နှုန်းရှိပြီး တရုတ်သို့ ပြန်လည်တင်ပို့မှုမှာ ၃ ရာခိုင်နှုန်းသာ ရှိခြင်းကြောင့် ကုန်သွယ်ရေး ချိန်ခွင်လျှာက တရုတ်ကို မျက်နှာသာပေးနေသည်။

တရုတ်နိုင်ငံသည် ကင်ညာ၏ ထိပ်တန်းမြီရှင် နိုင်ငံဖြစ်လာသလို သွင်းကုန်များအပြင် ကင်ညာရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် တရုတ်ကုမ္ပဏီအများအပြား ပါဝင်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ 

တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) ကုမ္ပဏီသည် ကင်ညာတွင် လမ်းမကြီးဆောက်လုပ်ခြင်းမှ အမြတ်ဝေစု အမေရိကန်ဒေါ်လာ ၉၇၇ သန်းနှင့် အခြားဝင်ငွေများကို ရရှိမည်ဟု မျှော်လင့်ရသည်။ 

ကင်ညာပြည်သူများသည် နိုင်ငံအတွင်း လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် ပိုမိုသတိထားလာကြကြောင်း The Hong Kong Post က ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly