အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း အရပ်သား ၄၀၀ နီးပါး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိ

By ကိုရွှေမြိတ်(မဇ္ဈိမ)
06 March 2023
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း အရပ်သား ၄၀၀ နီးပါး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိ

တနင်္သာရီတိုင်းတွင်  အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း အရပ်သား ၄၀၀ နီးပါးသေဆုံးပြီး ဒဏ်ရသူ ၁၄၆ ဦးရှိကြောင်း Southern Monitor က စုစည်းထားသော အချက် အလက်များအရ သိရသည်။

အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား သေဆုံးသူ ၃၉၄ ဦး နှင့် ဒဏ်ရာရသူ ၁၄၆ ဦး ရှိခဲ့ရာ အရပ်သားထိခိုက်မှု (Civilian casualty) စုစုပေါင်း ၅၄၀ ဦး ရှိခဲ့ ကြောင်း Southern Monitor က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီးအဖွဲ့တို့ ကျူး လွန်ထားသော ထိခိုက်မှုအများဆုံးမြို့နယ်မှာ လောင်းလုံးမြို့နယ်ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၀၇ ဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်ဟု သိရသည်။

အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်များတွင်လည်း အရပ်သားထိခိုက်မှုများပြား သည်ကို တွေ့ရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအားလုံး အနေဖြင့် အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာ သင့်ကြောင်း Southern Monitor က တိုက်တွန်းထားသည်။

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly