သမ္မတရှီကျင့်ဖျင် အာဏာမြဲရေးအကောင်အထည်ဖော်မည့် တရုတ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက် စတင် 

By Reuters
06 March 2023
သမ္မတရှီကျင့်ဖျင် အာဏာမြဲရေးအကောင်အထည်ဖော်မည့် တရုတ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက် စတင် 

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေး နာလန်ထူမှုမှသည် အမေရိကန်နှင့် ဆက်ဆံရေးအထိ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကို မတ် ၅ ရက်တွင် စတင်ကျင်းပလိုက်ပြီး ၁၀  စုနှစ် တစ်ခုအတွင်း အကြီးမားဆုံး အစိုးရပြင်ဆင်ဖွဲ့စည်းမှုကို  အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါရုပ်သိမ်းပြီးနောက် ပထမဆုံးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) ကို တီယန်နန်မင်ရင်ပြင် အနောက်ဘက်ရှိ Great Hall ခန်းမတွင် ကိုယ်စားလှယ် ၃ ၀၀၀ နီးပါး တက်ရောက်ကြမည်ဖြစ်သည်။  

အဆိုပါကွန်ဂရက်တွင် နိုင်ငံနှင့် ကွန်မြူနစ်ပါတီအောက်ရှိအဖွဲ့အစည်းများအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးအတွက် ရှီ၏အစီအစဉ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ပါတီဗဟိုကော်မတီ၏ ၃ ရက်ကြာ အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

“ပါတီရဲ့ ဘက်ပေါင်းစုံ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကောင်စီဝန်ကြီးဌာနတွေကို ပါတီနဲ့ပိုမိုပေါင်းစည်းသွားဖို့နဲ့ ပြည်သူ့ကျန်းမာရေးနဲ့ နိုင်ငံတော်လုံခြုံရေးကို ဦးစားပေးဆွေးနွေးသွားဖွယ်ရှိပါတယ်” ဟု သြစတြေးလျအမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဝမ်တီဆောင်က ပြောသည်။ 

အလုပ်လက်မဲ့ဖြစ်မှုကို ပိုဆိုးမလာစေရန် အစိုးရက ၂၀၂၃ ခုနှစ် စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို ၅ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းကြား သတ်မှတ်နိုင်ဖွယ်ရှိသလို အစိုးရအသုံးစရိတ်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို မြှင့်တင်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ပြီး အထင်ကရ ပြုပြင်ပြောင်းလဲ‌မှုများပြုလုပ်မည်ဟု သိပ်မမျှော်လင့်ရကြောင်း မူဝါဒသတင်းရင်းမြစ်များနှင့် လေ့လာသုံးသပ်သူများက ပြောကြားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်တွင် ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ရာစုနှစ်တစ်ဝက်နီးပါးအတွင်း အဆိုးရွားဆုံး ဖြစ်သည်။
ပြည်သူ့ကွန်ဂရက်သည် အငြိမ်းစားယူတော့မည့် ဝန်ကြီးချုပ် လီခေ့ချန်နှင့် ဒု-ဝန်ကြီးချုပ် လျူဟဲ ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးကို ပိုမိုလိုလားသောခေါင်းဆောင်နေရာများနေရာတွင် အစားထိုးခန့်အပ်မှုများပြုလုပ်ကာ  ဗဟိုဘဏ် အပါအဝင် စီးပွားရေးနှင့်စည်းမျဉ်းထိန်းသိမ်းမှုဆိုင်ရာ အဓိကအဖွဲ့အစည်းများ၏ ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် လူသစ်များ ခန့်အပ်မည်ဖြစ်သည်။

ပြည်သူ့ကွန်ဂရက်သည် အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်၏ နောက်ဆက်တွဲအဖြစ်  ဆက်လက်ကျင်းပခြင်းဖြစ်ပြီး လုံခြုံရေးကိစ္စကို အလေးထားလျက် ထိုစဉ်က ချမှတ်ခဲ့သည့် ပါတီဆုံးဖြတ်ချက်များကို အခိုင်အမာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ် လီကွမ်းယုပြည်သူ့မူဝါဒရေးရာကျောင်းမှ တွဲဖက်ပါမောက္ခ အဲလ်ဖက်ဝူက ပြောကြားခဲ့သည်။

သမ္မတသက်တမ်းတစ်လျှောက် မကြုံစဖူး အကြီးအကျယ်ဆန္ဒပြမှုများကို တွေ့ကြုံရပြီးနောက် ၃ နှစ်တာကျင့်သုံးလာသည့် ကိုဗစ်မူဝါဒကို ဒီဇင်ဘာလတွင် ရုတ်တရက် ပယ်ဖျက်ခဲ့သည့် ရှီကျင့်ဖျင်နှင့် တရုတ်အတွက် စိန်ခေါ်မှုများသောကာလတွင် ပြည်သူ့ကွန်ဂရက်ကို ကျင်းပလာခြင်းဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly