ကြံခင်းမြို့နယ်တွင် "ကမ္ဘာမကြေဘူး ငါတို့အလှည့်ရှိသေးတယ်" စာတန်းကိုင်စွဲ ဆန္ဒထုတ်ဖော် 

By မင်းထက် မဇ္စျိမ
05 March 2023
ကြံခင်းမြို့နယ်တွင် "ကမ္ဘာမကြေဘူး ငါတို့အလှည့်ရှိသေးတယ်" စာတန်းကိုင်စွဲ ဆန္ဒထုတ်ဖော် 

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုယနေ့ မတ်လ ၅ ရက်နေ့လည်တွင် ပြုလုပ်ခဲ့ကြသည်။ 

"ကမ္ဘာမကြေဘူး ငါတို့အလှည့်ရှိသေးတယ်"စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟု စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ 

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေခြင်းဖြစ်သည်။ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၁၁) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။ 

ကြံခင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို တော်လှန်ရေးအင်အားစုများက နေ့စဉ်လိုလို ပြုလုပ်နေသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်က ကြံခင်းမြို့တနေရာတွင် စစ်အာဏာရှင်တော်လှန်ရေးလူမဲ့သပိတ်ဗီနိုင်းအား ဖြုတ်သိမ်းရန် ဆိုင်ကယ်ဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသည် လမ်းဘေး၌ရပ်ထားသော ၁၀ဘီးကားအား ဝင်တိုက်ပြီးသေဆုံးခဲ့သည်။ 

ထို့အပြင် ကြံ့ခင်း-ဟင်္သာတလမ်းပိုင်းတွင်ပါဝင်သော အင်္ဂပူမြို့နယ်အတွင်း  စစ်ကောင်စီကားတစီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က မတ်လ ၂ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။  စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်းစွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)က သတင်းထုတ်ပြန်ထားသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required