စစ်တပ်အာဏာသိမ်းမှုအတွင်း တနင်္သာရီတိုင်းတွင် နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

By ကိုရွှေမြိတ်   မဲဆောက် (မဇ္ဈိမ)
05 March 2023
စစ်တပ်အာဏာသိမ်းမှုအတွင်း တနင်္သာရီတိုင်းတွင် နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စစ်တပ် အာဏာသိမ်းမှုနှစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့စည်းများ၏ အကြမ်းဖက်မှုကြောင့် အရပ်သား နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရ ကြောင်း Southern Monitor က စုစည်းထားသော အချက်အလက်များအရ သိရသည်။

Southern Monitor က စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နေအိမ်စုစုပေါင်း ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး မြိတ်ခရိုင်၊ ပုလောမြို့ နယ်မှ နေအိမ်အများဆုံးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထားဝယ်မြို့နယ်မှ နေအိမ်လေးလုံး၊ လောင်းလုံးမြို့နယ်တွင် တစ်လုံး၊ ပုလောမြို့နယ်တွင် ၂၀၁ လုံး၊ စုစုပေါင်း နေအိမ် (၂၀၆) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းဆိုသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်များထဲတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီး ဝန်းကျင်ရှိနေအိမ်များကို မီးရှို့ခြင်း၊ နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် နေအိမ်များကိုမီးရှို့ ခြင်း၊ စစ်ကြောင်းများဝင်ရောက်လာပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေစဉ် နေအိမ်များ မီးရှို့ ခြင်းများ ပြုလုပ်ခံရခြင်း ဖြစ်ကြောင်း Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required