တရုတ်က လာမည့် ၅ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ စစ်သား ၅၀ဝဝ ကို လေ့ကျင့် ပေးမည် 

တရုတ်က လာမည့် ၅ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ စစ်သား ၅၀ဝဝ ကို လေ့ကျင့် ပေးမည် 

တရုတ်က လာမည့် ၅ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ စစ်သား ၅၀ဝဝ ကို လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ် များကို ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်သည် ကမ္ဘာတစ်ဝန်း လုံခြုံရေးသြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းက ထုတ်ဝေခဲ့သော တရုတ်၏ ကမ္ဘာ့လုံခြုံရေးဆိုင်ရာစာတမ်းတွင် ထိုအစီအစဉ်ကို ဖော်ပြထားသည်။

အစီရင်ခံစာတွင် “သမရိုးကျမဟုတ်သော လုံခြုံရေးအခြေအနေများတွင် အစိုးရ၏ စွမ်းဆောင်ရည်တိုးတက်ရေး အတွက် အကြမ်းဖက်မှုတန်ပြန်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဇီဝလုံခြုံရေးနှင့် ထွန်းသစ်စနည်းပညာများ ကဲ့သို့သော နယ်ပယ်များတွင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် တရုတ်က နိုင်ငံတကာအစီအစဉ်များ ဖန်တီးရန် စီစဉ်ထားသည်” ဟု SCMP သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်က တက္ကသိုလ်အဆင့် စစ်ဘက်နှင့် ရဲသင်တန်းကျောင်းများအကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟုလည်း ပါရှိသည်။ 

တရုတ်က လာမည့် ၅ နှစ်အတွင်း ကမ္ဘာ့လုံခြုံရေးပြဿနာများကို ကူညီဆောင်ရွက်ပေးရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံ များမှ စစ်သားဦးရေ ၅ ဝဝဝ အထိ သင်တန်းပေးသွားမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO)မှ အဖွဲ့ဝင်နိုင်ငံများ၏ တပ်ဖွဲ့ဝင် ၂ ၀ဝဝ ကို လာမည့် ၅ နှစ် အတွင်း လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အဓိကထား လေ့ကျင့်ရေး စခန်းတစ်ခု ထူထောင်မည်ဖြစ်ကြောင်း တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်က ၂၀၂၂ ခုနှစ်က ကြေညာခဲ့သည်။

တရုတ်သည် အနောက်တိုင်း စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အနိုင်ယူရန် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဗြိတိန်တော်ဝင်လေတပ် (RAF) မှ လေယာဉ်မှူးဟောင်း ၃၀ ကိုလည်း ခေါ်ယူခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် ဗြိတိန်ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့က ခြိမ်းခြောက်မှုသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ထိုအချိန်က အငြိမ်းစား စစ်ဘက်လေယာဉ်မှူးများကို နှစ်စဉ်လစာ ပေါင် ၂၄၀ ဝဝဝ ခန့်ပေးကာ ခေါ်ယူခဲ့ကြောင်း ဗြိတိန်အရာရှိများက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly