မန္တလေးတွင် လမ်းဘေးမိုဘိုင်းစက်သုံးဆီဆိုင် မီးလောင်၊ ဆိုင်ကယ်တစီးပျက်စီး

မန္တလေးတွင် လမ်းဘေးမိုဘိုင်းစက်သုံးဆီဆိုင် မီးလောင်၊ ဆိုင်ကယ်တစီးပျက်စီး

မဇ္စျိမ။ ။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ဘုန်းကြီးကျောင်းဘေးတနေရာ၌ မော်တော်ယာဉ်ဖြင့်ရောင်းချသည့် မိုဘိုင်းစက်သုံးဆီဆိုင်တဆိုင် ယနေ့ မတ်လ ၄ရက်နံနက်ပိုင်းက မီးလောင်ခဲ့ပြီး ‌ဆီဖြည့်နေသော ဆိုင်ကယ်တစီး မီးထဲပါသွားခဲ့သည်။

ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ၆၃ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြားရှိ မနောမယဘုန်းကြီးကျောင်းဘေးမှ မိုဘိုင်းစက်သုံးဆီဆိုင်၌ မော်တော်ဆိုင်ကယ်တစီးက ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“တခြားကူးစက်မှုမဖြစ်ခဲ့ဘူး။သူ့တဆိုင်ထဲမီးလောင်တာ။ ဆိုင်ကယ်ဆီဖြည့်နေတုန်း မီးထလောင်တာလို့ ကနဦးမှတ်ချက်ပြုထားတယ်။ဆိုင်ကယ်တစီးမီးလောင်ပျက်စီးသွားတယ်။ လူထိခိုက်မှုမရှိပါဘူး” ဟု မီးငြှိမ်းသတ်ရာတွင်ပါ၀င်ခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

လူနေအိမ်ခြေနှင့်ဝေးသည့် ဘုန်းကြီးကျောင်းအုတ်တံတိုင်းဘေး၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင်သို့ မီးကူးစက်ခြင်းမရှိခဲ့ဟု သိရသည်။

အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် အနီး၀န်းကျင်ပြည်သူများက ဝိုင်း၀န်းမီးငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်ပြီး ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုအကြောင်းရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

မန္တလေးမြို့တွင် ယမန်နေ့ မတ်လ ၃ရက်ကလည်းချမ်းအေးသာစံမြို့နယ် ၇၉ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ မိုးဝေကျော်ကဖေးဆိုင်တွင် ဂတ်စ်အိုးမှတစ်ဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလန့်မှုသာဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ဆိုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇန်နဝါရီလက  မီးလောင်ကျွမ်းမှု(၉)၊ဖေဖော်ဝါရီလတွင် (၁၁)ကြိမ်စုစုပေါင်းမီးလောင်မှု အကြိမ်(၂၀)ရှိခဲ့သည်။

ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာနိုင်ငံအနှံ့ အပူချိန်မြင့်တက်လာပြီဖြစ်၍ မီးဘေးကိုပိုမိုသတိပြုကြရန် လူမှုကူညီရေးအဖွဲ့များက သတိပေးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required