တရုတ်-မြန်မာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟချက်ရှိနေ

By မေဘယ်လ်သူ
04 March 2023
တရုတ်-မြန်မာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟချက်ရှိနေ

မဇ္ဈိမ။        ။၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လတာ ကာလအတွင်း တရုတ်-မြန်မာကုန်သွယ်မှုတန်ဖိုးအား နှိုင်းယှဥ်ကြည့်ပါက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟချက်ရှိနေကြောင်း Institute for Strategy and Policy-Myanmar (မြန်မာ့မဟာ့ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့) ၏ ဖော်ပြချက်များအရ သိရသည်။

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံ၏ ထုတ်ပြန်ချက်များနှင့် နှိုင်းယှဥ်ကြည့်ပါက စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ အဆိုပါရှစ်လတာအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံနီးပါးရှိကြောင်း ဆိုသည်။

သို့သော် တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ ထုတ်ပြန်ချက်တွင် အဆိုပါ ရှစ်လတာအတွင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ဘီလီယံနီးပါးရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဘက်က နည်းပေါင်းစုံနဲ့ ဝင်လာသမျှ ကုန်စည်တိုင်းကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာနိုင်ငံဘက်မှာတော့ တရားဝင်ကုန်သွယ်မှုဆိုင်ရာ အချက်အလက်တွေကိုပဲ မှတ်တမ်းယူထားပုံရပါတယ်” ဟု ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံကုန်သွယ်မှုအား နှိုင်းယှဥ်ကြည့်ရာတွင် စစ်ကောင်စီ၏ကိန်းဂဏန်းထက် တရုတ်အကောက်ခွန်ဌာန၏ကိန်းဂဏန်းမှာ လစဥ် နှစ်ဆနှင့်အထက် ကျော်လွန်နေကြောင်းသိရသည်။

“နှစ်နိုင်ငံကုန်သွယ်မှုရဲ့ ဒီကွာခြားချက်ကိုကြည့်ရင် မြန်မာနဲ့တရုတ်နိုင်ငံအကြား တရားမဝင် တင်ပို့မှု ဒါမှမဟုတ် တရားမဝင်ကုန်သွယ်မှု ကြီးထွားနေတာကို ရည်ညွှန်းနေတယ်” ဟု ဆိုသည်။

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာအတွင်း တရုတ်-မြန်မာကုန်သွယ်ရေးမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

ထို့အပြင်၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း တရုတ်​၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၉၅သန်းကျော်သာရှိကာ၊ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သူ တတိယနေရာ၌သာရှိသော်လည်း ဒေါ်လာသန်း ၁၀၀ ပင် မပြည့်ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly