လမိုင်းမြို့၊ သောင်ပြင်ရွာ ကမ်းခြေတွင် လုယက်မှုဖြစ်ပွါး 

By ဂျူချန်း မဇ္ဈိမ
04 March 2023
လမိုင်းမြို့၊ သောင်ပြင်ရွာ ကမ်းခြေတွင် လုယက်မှုဖြစ်ပွါး 

မွန်ပြည်နယ်၊ ရေးမြိုနယ်၊ လမိုင်းမြို့၊​သောင်ပြင်ကျေးရွာရှိ ကျိုက်မင်ဝ ကမ်းခြေ၌ ယနေ့ မတ်လ ၄ရက် နံနက် ၁၁ နာရီခွဲခန့်တွင်  လူငယ်နှစ်ဦး လုယက်ခံရကာ လုယက်ခံရသူအမျိုးသမီးတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သောင်ပြင်ရွာ ဒေသခံထံမှ သိရသည်။ 

“ဖြစ်တဲ့အချိန်က ၁၁နာရီ ၁၅မိနစ်လောက်မှာ ကျနော်တို့ဆီ သတင်းဝင်တာက ၁၁နာရီခွဲလောက်မှာ။ မိန်းကလေးနဲ့ ယောက်ျားလေးက သဲသောင်ပြင်မှာ ဆိုင်ကယ်စီးနေရင်းက အနောက်ကနေ ယောက်ကျေားလေးနှစ်ယောက် ဆိုင်ကယ်နဲ့ လိုက်လာပြီး သူတို့ကိုတားတယ်။ သူတို့က မရပ်ပေးလို့ဆိုပြီး ဘေးနားကပ်လာပြီး သေနတ်နဲ့ ပစ်သွားတယ်။ သေနတ်ဒဏ်ရာက အရှေ့ကနေ အနောက်အထိ ကျွံသွားတယ်။ လောလောဆယ် လူနာကတော့ သတိရှိနေတယ်” ဟု သောင်ပြင် လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ 

ကျိုက်မင်ဝကမ်းခြေ၌ လူငယ်နှစ်ဦး ဆိုင်ကယ်စီးနင်းနေစဉ် လုယက်မှု ဖြစ်ပွားခဲ့ရာ လုယက်ခံရသူ အမျိုးသမီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသားထံမှ ဆွဲကြိုးနှင့်ဆိုင်ကယ်ကို ယူဆောင်သွားကြောင်း သိရသည်။ 

“ခုလုတဲ့နှစ်ယောက်က ကျနော်တို့ရွာကပဲ။ တစ်ယောက်က ၁၇၊ ၁၈ နှစ်လောက်ရှိတယ်။ နောက်တစ်ယောက်က ၁၉၊၂၀ အရွယ်လောက်ရှိတယ်” ဟု သောင်ပြင်ကျေးရွာနေ ဒေသခံတစ်ဦးမှ ပြောသည်။ 

လုယက်ခံရသူများသည် လမိုင်းမြို့၊ မော့ကနင်ကျေးရွာမှ အသက် ၂၃နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၉နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး အဆိုပါအမျိုးသမီး၏ ဝမ်းဗိုက် ဘယ်ဘက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required