ဒို့ညီနောင် ခရီးသည်ယာဉ်တိမ်းမှောက်မှု သေဆုံးသူများအနက် လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ ပါဝင် 

By ဝေဟင်စိုး မဇ္ဈိမ
04 March 2023
ဒို့ညီနောင် ခရီးသည်ယာဉ်တိမ်းမှောက်မှု သေဆုံးသူများအနက် လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ ပါဝင် 

ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇/၄ နှင့် ၁၆၇/၅ အကြားတွင် ယနေ့ မတ်လ ၄ ရက် နံနက် ၄ နာရီ  ၃၀ မိနစ် ဝန်းကျင်အချိန်၌ ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မြန်မာ့လက်ဝှေ့ချန်ပီဟောင်းတစ်ဦးဖြစ်သူ "ရွှေဓူဝံ" သေဆုံးခဲ့ကြောင်း သာဂရအမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

“သူ့ (ရွှေဓူဝံ) ကိုတော့ ဆွာတိုက်နယ်ဆေးရုံကို ပို့ထားပါတယ်။ ဘာဆက်လုပ်မလည်းဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ မိသားစုကိုတော့ ဆက်သွယ်ထားတယ်လို့ သိရတယ်” ဟု ပြောသည်။ 

"ရွှေဓူဝံ"သေဆုံးမှုအတွက် သုဝဏ္ဏဘူမိ ရိုးရာလက်ဝှေ့အသင်း(သထုံ) အပါအဝင် နဂါးမာန် ရိုးရာလက်ဝှေ့အသင်းနှင့် အခြားသော ရိုးရာလက်ဝှေ့အသင်းများက မိသားစုနှင့်အတူ ဝမ်းနည်းကြောင်း အသိပေးထားသည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂၀  ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၁ ဦးအနက် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅ ဦး အမျိုးသမီး ၁၀ တို့အား ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

အဆိုပါ တိမ်းမှောက်ခဲ့သော ဒို့ညီနောင် ခရီးသည်တင်ယာဉ်သည် မတ်လ ၃ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့မှ မြဝတီမြို့သို့ ထွက်ခွာလာခဲ့ပြီးနောက် မတ်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇/၄ နှင့် ၁၆၇/၅ အကြားတွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားသော GUARD RAILတန်းများအား ဝင်တိုက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required