မြင်းမူမြို့နယ် ဂွေးပင်တောနှင့် ရေပိုးစားကြားတွင် စစ်ယာဉ်တန်း ၃ ကြိမ် မိုင်းဆွဲခံရ

By ဂျူနို (မဇ္ဈိမ)
04 March 2023
မြင်းမူမြို့နယ် ဂွေးပင်တောနှင့် ရေပိုးစားကြားတွင် စစ်ယာဉ်တန်း ၃ ကြိမ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ဂွေးပင်တော ကျေးရွာနှ့် ရေပိုးစားကြားတွင် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ မတ်လ ၃ ရက်နေ့၌ မိုင်းသုံးကြိမ်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း PDF - South Monywa တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ စစ်ကောင်စီတပ်သားများ တင်ဆောင်ပြီး ထွက်လာသော ၁၂ ဘီးကား သုံးစီးကို ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားကျေးရွာကြား၌ ကာကွယ်ရေးအဖွဲ့မှ ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် နောက်ဆုံးကားကို ထိမှန်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း PDF - South Monywa အဖွဲ့က ပြောသည်။

“စစ်ကောင်စီဘက်က ထိခိုက်မှုကို ဘယ်လိုမှ စုံစမ်းမရဘူးဖြစ်နေပါတယ်။”ဟု PDF - South Monywa မှ ရဲဘော် ဒေါင်းကာရံက မဇ္ဈိမကို ပြောသည်။ 

ထို့အပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်လည်း စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကားကြီး ငါးစီးကို ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားကျေးရွာကြား၌ ကာကွယ်ရေးအဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပထမပွိုင့်အဖြစ် ပဒေသာမိုင်း သုံးလုံးတွဲ နှစ်တွဲဖြင့် တိုက်ခိုက်ရာ သုံးစီးမြောက်ကား နောက်ပိုင်းကို ထိမှန်ခဲ့ကြောင်းနှင့် ဒုတိယပွိုင့် မှ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးစီးမြောက်ကားကို ထိထိမိမိထိ မှန်ခဲ့ပြီး ကားမှာစုတ်ပြတ်သတ်သွားကြောင်း PDF - South Monywa အဖွဲ့ထံက သိရသည်။

“လမ်းတစ်လျှောက် အဲဒီကားပေါ်ကနေ အနီရောင်ရဲရဲတွေထွက်ကျလာတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်” ဟု PDF - South Monywa မှ ဒေါင်းကာရံက ပြောသည်။

စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော People's Defence Force - South Monywa မှ Monywa People's Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Black Hunter People's Task Force၊ Ronin Thirteen People' Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။ နောင်နောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly