အစိုးရပိုင် စက်ပစ္စည်းများမှ TikTok ကို ရက် ၃၀ အတွင်း ဖယ်ရှားရန် အမေရိကန်အစိုးရ ညွှန်ကြား

By Reuters
03 March 2023
အစိုးရပိုင် စက်ပစ္စည်းများမှ TikTok ကို ရက် ၃၀ အတွင်း ဖယ်ရှားရန် အမေရိကန်အစိုးရ ညွှန်ကြား

အစိုးရပိုင်စက်ပစ္စည်းများနှင့် စနစ်များမှ တရုတ်ပိုင် TikTok အက်ပလီကေးရှင်းကို ဖယ်ထုတ်ရန် ဌာနများကို ရက် ၃၀ အချိန်ပေးကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီလ ၂၇ ရက်က ပြောကြားလိုက်သည်။ 

အမေရိကန်၏ အချက်အလက်လုံခြုံရေးအတွက် အစိုးရဌာနအားလုံးသည် ဖုန်းများနှင့် ကွန်ပျူတာစနစ်များမှ TikTok ကိုဖယ်ရှားကာ အဆိုပါ ကုမ္ပဏီသို့ အင်တာနက်မှတစ်ဆင့် ဆက်သွယ်ဝင်ရောက်ခြင်းကိုလည်း တားမြစ်ရမည်ဖြစ်ကြောင်း စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးရုံးမှ ညွှန်ကြားရေးမှူး ရှာလန်ဒါယန်း၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ 

ကွန်ဂရက်လွှတ်တော်က အဆိုပါ တားမြစ်ချက်ကို ယမန်နှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ကနေဒါ၊ ဥရောပ သမဂ္ဂ၊ ထိုင်ဝမ်နှင့် အမေရိကန်ရှိ ပြည်နယ်များ၏ ထက်ဝက်ကျော်တို့က အလားတူ တားမြစ်ချက်များ ထုတ်ပြန်လာကြသည်။ 

အမေရိကန်ရှိ TikTok အသုံးပြုသူ အနည်းအကျဉ်းအပေါ် သက်ရောက်မှုရှိခဲ့သည့် အဆိုပါ တားမြစ်ပိတ်ပင်မှုသည် အက်ပ်ကို လုံးဝ ပိတ်ပင်တားမြစ်ရန် တောင်းဆိုသည့်အခြေအနေထိ ဆိုက်ရောက်လာခဲ့သည်။ တရုတ်မိုးပျံပူဖောင်းတစ်လုံးသည် အမေရိကန်နိုင်ငံပေါ်သို့ မကြာသေးမီ ဖြတ်ကျော်ပျံသန်းခဲ့ပြီးနောက် သီတင်းပတ်များအတွင်း တရုတ်နိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများသည် သတင်းမှားများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ByteDance က ပိုင်ဆိုင်သည့် TikTok ကုမ္ပဏီက ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံသားများကို ထောက်လှမ်းရန် အဆိုပါအက်ပ်ကို အသုံးပြုခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ အဆိုပါ တားမြစ်ချက်သည် ကိုင်ပိုင်စက်ပစ္စည်းများနှင့် ကုမ္ပဏီပိုင် စက်ပစ္စည်းများတွင် TikTok အသုံးပြုသည့် အမေရိကန်နိုင်ငံသား သန်း ၁၀၀ ကျော်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။ အိမ်ဖြူတော်၏ ညွှန်ကြားချက်နှင့်ပတ်သက်၍ TikTok က ချက်ခြင်း မှတ်ချက် မပေးခဲ့ပေ။ 

အစိုးရပိုင်စက်ပစ္စည်းများတွင် ယင်း တရုတ်ပိုင်ဗီဒီယိုအက်ပ်ကို အသုံးပြုခြင်းအား ပိတ်ပင်ရန် ကွန်ဂရက်လွှတ်တော်က ဒီဇင်ဘာလတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဌာနဆိုင်ရာများအတွက် ညွှန်ကြားချက်များထုတ်ပြန်ရန် ဘိုင်ဒင် အစိုးရအား ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သည်။

 တရုတ်က အမေရိကန်များကို ထောက်လှမ်းရာတွင် အဆိုပါ အက်ပလီကေးရှင်းများအား အသုံးပြုနိုင်ကြောင်း နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိနေချိန်တွင်  အမေရိကန်လွှတ်တော်အမတ်များက တရုတ်ကုမ္ပဏီများကို နှိမ်နင်းရန် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ 

ကွန်ဂရက်လွှတ်တော်က TikTok အား တားမြစ်ပိတ်ပင်ခြင်းကို အမေရိကန် အရပ်ဘက် လွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂက ကန့်ကွက်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags