အင်္ဂပူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းမိ၊ဗိုလ်တစ်ဦးအပါ ၄ ဦးသေဆုံးဟုဆို 

By မင်းထက် (မဇ္စျိမ)
03 March 2023
အင်္ဂပူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းမိ၊ဗိုလ်တစ်ဦးအပါ ၄ ဦးသေဆုံးဟုဆို 

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းဒေသတွင် စစ်ကောင်စီတပ်ကားတစီးအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ယမန်နေ့မတ်လ ၂ ရက်နေ့ ၊နံနက် ၁၀ နာရီခန့်အချိန်က မဲဇလီကုန်းဒေသ၊ နတ်ပုတီးတောင်ကြောရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောတွင်းတစ်နေရာအရောက်တွင် တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF) က ထုတ်ပြန်သည်။ 

Red Falcon PDF အဖွဲ့တာဝန်ခံ ဗိုလ်သူရိန်က
"မတ်လ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ခွေး(စစ်ကောင်စီတပ်) အင်အား၂၃ ယောက်လောက်ပါတဲ့ စစ်ကားတစီး ခုံကြီးအုပ်စု၊ မကျီးပင်ကွင်းရွာ ချောင်းအဖျားကိုရောက်ပြီး ညအိပ်နေတယ်လို့ သတင်းရလို့ မိုင်းဆင်ထားတာဗျ။နောက်နေ့မနက် ဒီကောင်တွေ စစ်ကြောင်းထိုးလာတာမှာ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းနဲ့ တိုးတာပါ"ဟု  ပြောသည်။ 

မိုင်းများသည် စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)နှင့် အင်္ဂပူမြို့နယ် (ပကဖ) တို့က ထောင်ထားခြင်းဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ ဗိုလ်တစ်ဦးအပါ လေးဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စွန်ရဲနီနွေဦးတော် လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)ပက သတင်းထုတ်ပြန်သည်။ 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်အကြာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဗိုလ်သူရိန်ကပြောသည်။ 

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရရှိသူများအား ယမန်နေ့ မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်ကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

"အင်္ဂပူ၊ မဲဇလီကုန်းဘက်ကို လူနာတင်ကားတွေ နှစ်စီး သုံးစီးလာပြီးသွေးတွေထွက်နေတဲ့ စစ်သားတွေကို တင်သွားတာတွေ့တယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး"ဟု ဒေသခံတဦးကပြောသည်။ 

ယနေ့မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မဲဇလီကုန်းဒေသရှိ တောအုပ်များအထက်၌ စစ်ကောင်စီ၏ ရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့သည်ဟု ဒေသခံများကပြောသည်။ထို့အပြင် အင်္ဂပူမြို့နယ်ပတ်ဝန်းကျင်ရှ်ိ ဘန့်ဘွေးကုန်းနှင့် ကွင်းကောက်ကြား ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးနေသည်ဟု သတင်းရရှ်ိသည်။ 

စာတည်း - မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required