ဘုတလင်မြို့နယ် ဆည်ကုန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးဟုဆို 

By လွှမ်းမိုး (မဇ္ဈိမ)
03 March 2023
ဘုတလင်မြို့နယ် ဆည်ကုန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးဟုဆို 

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဆည်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၄၀ အချိန်မှ စတင်၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ထံမှ သိရသည်။ 

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F)မှ ဗဟိုကော်မတီဝင်ကို Marilyn က ပြောသည်။ 

“ စစ်ကောင်စီတပ် စစ်ကြောင်းက ကျနော်တို့ ခင်းထားတဲ့ ဗျူဟာတွင်းကို ဝင်လာတဲ့အတွက် ကျနော်တို့ အားသာချက် ဖြစ်သွားတာပါ။ တိုက်ပွဲကတော့ အရင် နှစ်ရက်လောက်ကတည်းက ထိတွေ့မှုတွေ စဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၁၅ ဦးအထက်မှာ အသေဆုံး ရှိမယ်ဗျ။ ကျနော်တို့ ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။ 

ဖေ​ဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်အချိန် တိုက်ပွဲ ပြင်းထန်နေစဉ်တွင် စစ်ကောင်စီတပ်ဘက်မှ Mi-35 ရဟတ်ယာဉ် နှစ်စီးဖြင့် မိနစ် ၄၀ ခန့်အကြာ လာရောက်ပစ်ခတ်သွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ထံမှ သိရသည်။ 

အဆိုပါ တိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ၊ MDF တပ်ဖွဲ့ ၊ ဒေသခံ ပ.က.ဖ များ နှင့်အတူ အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required