မန္တလေးတွင် PDF တပ်ဖွဲ့၀င်ဟောင်း တက္ကသိုလ်ကျောင်းသား ပစ်သတ်ခံရ 

By 007 (မဇ္ဈိမ)
03 March 2023
မန္တလေးတွင် PDF တပ်ဖွဲ့၀င်ဟောင်း တက္ကသိုလ်ကျောင်းသား ပစ်သတ်ခံရ 

မန္တလေးမြို့တွင် ယမန်နေ့က၊ PDF တပ်ဖွဲ့၀င်ဟောင်းတက္ကသိုလ်ကျောင်းသားတစ်ဦး လမ်းသွားနေစဉ် သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးကြောင်း သတင်းရရှိသည်။ 

သေဆုံးသူသည် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက် အောင်မင်္ဂလာရပ်နေ၊ ရတနာပုံတက္ကသိုလ် ဥပေဒပညာ ဒုတိယနှစ်ကျောင်းသား မောင်အောင်မျိုးမြတ်(အသက် ၂၀ နှစ်)ဆိုသူ ဖြစ်ပြီး၊ ယမန်နေ့ မတ် ၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီး ၆၂ လမ်းနှင့် ၁၀ လမ်းထောင့်တွင် ပစ်သတ်ခံံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ 

"PDF ဟောင်းဆိုတာ မှန်ပါတယ်၊ မနှစ်က လက်နက်ခဲယမ်းတွေနဲ့အတူ၀င်လာသူပါ" ဟု ရဲတပ်ဖွဲဲ့နှင့်နီးစပ်သူ တစ်ဦးက အတည်ပြုပြောသည်။ 

၆၂ လမ်းအတိုင်း တောင်မှမြောက်သို့ ဆိုင်ကယ်ဖြင့်စီးနင်းမောင်းနှင်လာစဉ်၊ အနောက်မှဆိုင်ကယ်တစ်စီးဖြင့် လိုက်လာသူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ အပစ်ခံရမှုကြောင့် ယာဖက်နားအောက် ဖောက်၀င်ဒဏ်ရာ တစ်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် ၂၀၂၂ ခုနှစ်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်၀င်ရောက်လာသူဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းများဖော်ပြသည့်မီဒီယာများက ဆိုသည်။ 

၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍၊ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Mandalay Independent Association(MIA)က တော်လှန်ရေးသစ္စာဖောက်တစ်ဦးဖြစ်သူ၊ အောင်မျိုးမြတ်(ယခင်တော်လှန်ရေးလုပ်ခဲ့ဖူးသူ ယခု စစ်တပ်သတင်းပေးပျူစောထီး) အား လူ့လောကမှ အပြီးတိုင်နှုတ်ဆက်ခိုင်းခဲ့သည် ဟု သတင်းထုတ်ပြန်လာသည်။ 

ဆက်လက်၍ တော်လှန်ရေးသစ္စာဖောက်တစ်ဦးဖြစ်သော အောင်မျိုးမြတ်ဆိုသူသည် ၂၀၂၂ ခုနှစ်အတွင်း၊ တော်လှန်ရေးအဖွဲ့တစ်ခုမှ၊ ယုံကြည်စွာအပ်နှံခဲဲ့သော လက်နက်ခဲယမ်းများကို၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ခလရ(၄)အား၊ မိမိအလိုကျသွားရောက်အပ်နှံကာ၊ ၎င်းရဲဘော်များ၏ ကိုယ်ရေးအချက်အလက်များကိုပါ တိုင်ကြားမှုများဖြစ်ပေါ်ခဲ့သည်။ 

ထို့အပြင် စစ်တပ်များအတွင်းသို့လည်း ယခုနောက်ပိုင်း ၀င်ထွက်သွားလာနေသူ တစ်ဦးဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းရှိ စကစခန့်ထားသော စစ်ကြောင်းမှူးဆိုသူများနှင့်လည်း၊ အဆက်အသွယ်ရှိကာ ကိုယ်ပိုင်သေနတ်အတိုတစ်လက် လက်၀ယ်ထားရှိသူဖြစ်သည်။ 

ထို့အပြင် အောင်မျိုးမြတ်ဆိုသူမှာ မန္တလေးမြို့အတွင်းရှိ Club များတွင် မူးယစ်ဆေးများကို နယ်မြေခံရဲများ စခ(စစ်ကောင်စီတပ်သား)များနှင့်ပူးပေါင်းကာ ဖြန့်ဖြူးနေသည်ကိုလည်း သိရှိရပါသည် ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၎င်းအဖွဲဲ့နှင့်မေးမြန်းခွင့်ရရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly