ဂျပန်က နျူလက်နက်ပြုလုပ်နိုင်သည့် အဆင့်ရှိ ပလူတိုနီယမ်များ အမေရိကန်သို့ပို့မည်

ဂျပန်က နျူလက်နက်ပြုလုပ်နိုင်သည့် အဆင့်ရှိ ပလူတိုနီယမ်များ အမေရိကန်သို့ပို့မည်

တိုကျို၊ မတ် ၁၈ ။          ။ ဂျပန်က နျူကလီးယားလက်နက်များစွာ ပြုလုပ်နိုင်သည့် ပလူတိုနီယမ်များကို အမေရိကန်သို့ပို့ရန် ယခုသီတင်းပတ်ကုန် အစောပိုင်းတွင် သင်္ဘောပေါ်သို့ တင်မည်ဖြစ်ရာ ၁၉၉၂နောက်ပိုင်း အန္တရာယ်ကြီးမားသည့် ပစ္စည်းများတင်ပို့မှုတွင် အများဆုံးဖြစ်သည်ဟု ဂရင်းပိစ်အဖွဲ့က မတ် ၁၈ တွင် ပြောသည်။

နျူလက်နက် ၅၀ခန့်အထိ ပြုလုပ်ရန်လုံလောက်သော ပလူတိုနီယမ် ၃၃၁ကီလိုဂရမ်ကို တိုကျိုမြို့အရှေ့မြောက်ဘက် တိုကာအီမူရာတွင် လက်နက်တပ်ဆင်ထားသည့် ဗြိတိသျှသင်္ဘော Pacific Egret ပေါ်သို့ တင်ကာ အမေရိကန် တောင်ကယ်လီဖိုးနီးယားရှိ စွမ်းအင်ဋ္ဌာန၏ Savannah River Site သို့ပို့ဆောင်မည်ဖြစ်သည်ဟု ၎င်းအဖွဲ့ကဆိုသည်။

ပလူတိုနီယမ်များမှာ အဆင့်မြင့်နျူလက်နက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်သဖြင့် ၎င်းတို့အား တင်ပို့မှုမှာ အလွန်အတိမ်းအစောင်းမခံသည့် ကိစ္စဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် တိုကျိုရှိ အမေရိကန်သံရုံးက ငြင်းဆိုခဲ့သည်။

ဂျပန်တွင် ပလူတိုနီယမ် တန်၅၀နီးပါးအထိရှိနေသည့်အတွက် ယခုတင်ပို့မှုမှာ အနည်းငယ်သာဖြစ်သည်။

ယခုသီတင်းပတ်အကုန် ပလူတိုနီယမ်များ တင်ပို့မှုကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဂျပန်အဏုမြူစွမ်းအင်အေဂျင်စီ၏ တိုကာအီမူရာရှိ Fast Critical Assembly စီမံကိန်းအတွက် ကူညီခြင်းဖြစ်သည်ဟု သိရသည်။

ပလူတိုနီယမ်များ အမေရိကန်သို့ လွှဲပြောင်းရေးသဘောတူညီချက်ကို ၂၀၁၄ မတ်က ရရှိခဲ့ခြင်းဖြစ်သည်။ ယခုကိစ္စနှင့် ပတ်သက်၍ ဂျပန်အဏုမြူစွမ်းအင်အေဂျင်စီကလည်း လုံခြုံရေး အကြောင်းပြချက်များကြောင့် သုံးသပ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly