တောင်တရုတ်ပင်လယ်အရေးကို အာရုံစိုက်ရန် စစ်တပ်ကို ဖိလစ်ပိုင်ခေါင်းဆောင် တိုက်တွန်း

By ABC News
03 March 2023
တောင်တရုတ်ပင်လယ်အရေးကို အာရုံစိုက်ရန် စစ်တပ်ကို ဖိလစ်ပိုင်ခေါင်းဆောင် တိုက်တွန်း

တရုတ်နှင့် ပြိုင်ဘက် အမေရိကန်တို့အကြား အငြင်းပွားမှုများ ပြင်းထန်လာသည်နှင့်အမျှ နိုင်ငံ၏ ပိုင်နက်နယ်မြေ ကို ကာကွယ်နိုင်ရေးအတွက် ဖိလစ်ပိုင်စစ်တပ်၏ ပင်မတာဝန်ကို ပြောင်းလဲထားကြောင်း သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက  ပြောကြားလိုက်သည်။

စစ်တပ်အနေဖြင့် ပြည်ပရန်ကာကွယ်ရေးကို ပြောင်းလဲအလေးထားအာရုံစိုက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း သမ္မတမားကို့စ်က ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းတွင် တပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။ 

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတစ်စင်းမှ တပ်ဖွဲ့ဝင်အချို့ကို ခေတ္တ အမြင်ဝေဝါးသွားစေခဲ့သည့် တရုတ်ကမ်းခြေစောင့်တပ်၏ စစ်ဘက်သုံးလေဆာရောင်ခြည်အသုံးပြုမှုကို ကန့်ကွက်ရန် တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး နှစ်ပတ်အကြာတွင် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အငြင်းပွား ပင်လယ်ရေကြောင်းတွင် လွန်ခဲ့သည့်နှစ်မှစ၍ ပိုမို အတင့်ရဲလာသော တရုတ်၏ လုပ်ရပ်များကို ဆန့်ကျင်သည့် သံတမန်ရေးအရ ကန့်ကွက်မှု ၂၀၀ ကျော်တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က အဆိုပါဖြစ်စဉ်လည်း အပါအဝင်ဖြစ်သည်။

တရုတ်က ဖိလစ်ပိုင်သည် ၎င်း၏ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲထားပြီး ဖိလစ်ပိုင်သင်္ဘောကို ခြေရာခံရန် တရုတ်ကမ်းခြေစောင့်တပ်က အန္တရာယ်မရှိသော လေဆာရောင်ခြည်ကို အသုံးပြုခဲ့သည်ဟု ချေပခဲ့သည်။ 

"ဖိလစ်ပိုင်စစ်တပ်ရဲ့ တာဝန်က ပြောင်းလဲသွားပြီလို့ ပြောချင်ပါတယ်၊ မိမိတို့ဟာ ဒီဒေသရဲ့ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ နားလည်မှု ရယူထားနိုင်ခဲ့ပါတယ်၊ အခုက အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာတဲ့အတွက် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရပါမယ်” ဟု မားကို့စ်က ဖိလစ်ပိုင် တပ်ဖွဲ့များကို ပြောကြားခဲ့သည်။ 

နိုင်ငံ၏ ပိုင်နက်ကို အကဲစမ်း ထိပါးလာမှုများ ကြုံတွေ့နေရပြီး အခြေအနေအများအပြား ဖြစ်ပေါ်နေသောကြောင့် ဖိလစ်ပိုင်လေတပ်အနေဖြင့် နိုင်ငံအား လုံခြုံမှု အပြည့်အဝပေးရမည့် တာဝန်ကြီးတစ်ရပ်ရှိကြောင်း  သမ္မတက ပြောကြားခဲ့သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာခဲ့ကြောင်းလည်း မားကို့စ်က ပြောကြားခဲ့သည်။ 

မားကို့စ်သည် စီဘူးပြည်နယ်အလယ်ပိုင်း၌ ပြောကြားသည့် မိန့်ခွန်းတွင် အသေးစိတ်ပြောကြားခြင်း မရှိသလို တရုတ်နိုင်ငံအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

“ဖိလစ်ပိုင်ဟာ နိုင်ငံငယ်လေးဖြစ်ပေမဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး တာဝန်ထမ်းဆောင်ဆဲ အစိုးရတစ်ရပ်လည်းရှိတာကြောင့် နိုင်ငံသားတိုင်းရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ တာဝန်ရှိပါတယ်” ဟု မားကို့စ်က ပြောသည်။
မွတ်စလင်နှင့် ကွန်မြူနစ် သောင်းကျန်းမှုများကို ဆယ်စုနှစ်များစွာ နှိမ်နင်းပြီးနောက် ဖိလစ်ပိုင်စစ်တပ်သည် နိုင်ငံ၏ ပင်လယ်ပြင်ပိုင်နက်ကို ကာကွယ်ရန် အလေးထားလာခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly