တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်လေယာဉ်က အမေရိကန်ရေတပ်လေယာဉ်ကို ဟန့်တားနှောင့်ယှက်

By ANI 
03 March 2023
တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်လေယာဉ်က အမေရိကန်ရေတပ်လေယာဉ်ကို ဟန့်တားနှောင့်ယှက်

တောင်တရုတ်ပင်လယ်ရေပြင်ပေါ်၌ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် တရုတ် J-11 တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ ကင်းထောက်လေယာဉ်ကို ကြားဖြတ်ဟန့်တားနှောင့်ယှက်ခဲ့ကြောင်း Wall Street ဂျာနယ်သတင်းတွင် ဖော်ပြထားသည်။

တရုတ်လေပိုင်နက်သို့ ချဉ်းကပ်လာသည့်အတွက် အန္တရာယ်ကင်းသည့် အကွာအဝေးမှ ပျံသန်းရန်နှင့် ထိုသို့ မပြုလုပ်လျှင် ကြားဖြတ် ဟန့်တားသွားမည်ဖြစ်ကြောင်း တရုတ်စစ်မြေပြင်စခန်းမှ အမေရိကန် P-8 လေယာဉ်ထံ အကြောင်းကြားခဲ့သည်ဟု Wall Street Journal က ဖော်ပြခဲ့သည်။ 

ကျွန်းစုများနှင့်ပတ်သက်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကြား ပိုင်နက်အငြင်းပွားမှု ဖြစ်ပွားရာ အချို့နေရာများတွင် တောင်းဆိုမှုများ ထပ်နေသည့်အတွက် တောင်တရုတ်ပင်လယ်တွင် ထိုသို့သော ဖြစ်ရပ်များသည် ထူဆန်းသည့် ကိစ္စမဟုတ်ပေ။

ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် ၄ စင်း တပ်ဆင်ထားသည့် တရုတ် J-11 တိုက်လေယာဉ်တစ်စင်းသည် အမေရိကန် P-8 ကင်းလှည့်လေယာဉ်၏ နောက်ဘက်မှ ပျံတက်လာပြီး အပေါ်မှ ဖြတ်ပျံသွားကာ အမေရိကန်လေယာဉ်နှင့် ပေ ရာဂဏန်းအကွာမှ လိုက်ပါပျံသန်းခဲ့ကြောင်း Wall Street ဂျာနယ်သတင်းတွင် ဖော်ပြထားသည်။

မဟာဗျူဟာကျသော အဆိုပါ ပင်လယ်ရေလမ်းကြောင်းသည် ငါး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယံဇာတများစွာကို ပိုင်ဆိုင်ထားရုံသာမက ကမ္ဘာ့ရေကြောင်းပို့ဆောင်မှု၏ ၃ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာနေရာဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အဆိုပါနေရာမှ ကုန်စည်စီးဆင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံခန့် ရှိခဲ့ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ(CSIS) မှ တရုတ်အင်အားဆိုင်ရာ စီမံကိန်း (China Power Project) က ဖော်ပြခဲ့သည်။ 

အမေရိကန်လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းခဲ့သည့် သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်းကို အမေရိကန်က ဖေဖော်ဝါရီလအစောပိုင်းတွင် ပစ်ချခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

အမေရိကန်သည် တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်လေယာဉ်များ အသုံးပြုခြင်းအပါအဝင် တရုတ်ကို ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း  တရုတ်က အမေရိကန်ကို ပြန်လှန်စွပ်စွဲထားသည်။ အရေးပါသော ကုန်သွယ်မှုလမ်းကြောင်းဖြစ်ပြီး သယံဇာတပေါကြွယ်ဝသော အဆိုပါ တောင်တရုတ်ပင်လယ် ဒေသတစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားသည်။

အမေရိကန် P-8 ကင်းထောက်လေယာဉ်နှင့် တရုတ်ဂျက်တိုက်လေယာဉ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုသည် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် ပါရာစဲလ်ကျွန်းစု၏ မြောက်ဘက် မိုင်အနည်းငယ်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက အဆိုပါကျွန်းစုအချို့တွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly