ရွေးကောက်ပွဲအပေါ် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို သတိပြုရမည်ဟု ကနေဒါဝန်ကြီးချုပ် ပြောကြား

By Reuters 
02 March 2023
ရွေးကောက်ပွဲအပေါ် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို သတိပြုရမည်ဟု ကနေဒါဝန်ကြီးချုပ် ပြောကြား

တရုတ်က ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟူသောသတင်းများ ထွက်ပေါ်ပြီးနောက် ရွေးကောက်ပွဲကို တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်မှုသည် အလွန်ဆိုးရွားသော ပြဿနာဖြစ်ပြီး ကနေဒါက သတိပြုရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ပြောသည်။

မြောက်အမေရိကလေပိုင်နက်အတွင်းသို့ ဖေဖော်ဝါရီလအစောပိုင်းက တရုတ်သူလျှိုမိုးပျံပူဖောင်းဟု သံသယ ရှိသော ပူဖောင်းတစ်လုံး ပစ်ချခံရမှုနှင့် တရုတ်က ယခင်ရွေးကောက်ပွဲကို လွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟူသော သတင်းကို ကနေဒါမီဒီယာများက ဖော်ပြမှုများအပြီး တင်းမာနေပြီးသား တရုတ်နှင့် ကနေဒါ ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့သည်။

တရုတ်သံတမန်များနှင့် ၎င်းတို့၏ လက်အောက်ခံများသည် တရုတ်ကို မလိုလားသည့် ကွန်ဆာဗေးတစ်နိုင်ငံ ရေးသမားများကို အနိုင်ယူရန် လုပ်ဆောင်ခဲ့ကြောင်း ထိပ်တန်း ကနေဒါထောက်လှမ်းရေးအေဂျင်စီ၏ လျှို့ဝှက် စာရွက်စာတမ်းများအကြောင်းကို ပြီးခဲ့သည့် သီတင်းပတ်က Globe and Mail သတင်းစာက ဖော်ထုတ်ခဲ့သည်။

လူနည်းစုပါတီဖြစ်သော်လည်းကောင်း ထရူးဒိုးပြန်လည်ရွေးကောက်ခံရခြင်းကို တရုတ်က သဘောကျကြောင်း အဆိုပါစာရွက်စာတမ်းများတွင် ဖော်ပြထားသည်ဟု Globe က ဆိုသည်။

"ဒါက ထူးခြားလေးနက်တဲ့ ကိစ္စတစ်ခုပါ။ တရုတ်၊ ရုရှားနဲ့ ဒီမိုကရေစီနိုင်ငံတွေကို မတည်မငြိမ်ဖြစ်စေလိုတဲ့ တခြားနိုင်ငံတွေက အကွက်ကျကျ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေတာကို တွေ့နေရပါတယ်" ဟု ထရူးဒိုးက အွန်တာရီယိုမြို့ ရစ်မွန်ခန်းမတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

"တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေက သတင်းမှားတွေနဲ့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေဖို့ ကြိုးစားနေပြီး အခု အချိန်အထိ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အချက်ကို လူတိုင်းက စိုးရိမ်သင့် ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထရူးဒိုးသည် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို လျစ်လျူရူကာ ယင်းမှ အကျိုးအမြတ်များ ရယူနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကနေဒါ၏ အဓိက အတိုက်အခံပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပယ်ရီပိုလီဗာက စွပ်စွဲခဲ့သည်။

“ရွေးကောက်ပွဲ ရလဒ်ကို အယုံအကြည်မရှိအောင် အကြောင်းပြချက်တွေ ချဲ့ထွင်နေတာက လူ့အဖွဲ့ အစည်းအတွက် ဒါမှမဟုတ် ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခု မဟုတ်ပါဘူး” ဟု ထရူးဒိုးက ဆိုသည်။

ထရူးဒိုးက ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် တရုတ်၏ သံသယဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်မှုအတွက် စိုးရိမ်ကြောင်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်အား ယမန်နှစ်နှောင်းပိုင်းက တိုက်ရိုက်ပြောဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly