KNU တပ်မဟာ(၃)နယ်မြေတွင် ဒေသခံ ၂ ဦး အသတ်ခံရ

KNU တပ်မဟာ(၃)နယ်မြေတွင် ဒေသခံ ၂ ဦး အသတ်ခံရ

မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အသတ်ခံထားရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ညောင်ပင်သာကျေးရွာအတွင်း စစ်ကောင်စီမှ လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးမှုကြောင့် ရွာလုံးကျွတ် ဘေးကင်းရာသို့ စစ်ဘေးရှောင်နေခဲ့ရသည်။ ရွာသားများအနေဖြင့် ရိက္ခာပြတ်လပ်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေအိမ်သို့ စားနပ်ရိက္ခာယူရန် ခေတ္တပြန်လာစဉ် ရွာသားနှစ်ဦးအား သေဆုံးလျက်ပြန်တွေ့ခဲ့ရသည်ဟု သိရသည်။

သေဆုံးသူများမှာ ဦးကျော်မိုးဝင်းနှင့် ဦးကြာပေါ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့၏ နေအိမ်၌ ခန္ဓာကိုယ်အနှံ့ ဓါးဒဏ်ရာအများအပြားဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“သတ်ခံရတာကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပါပဲ။ စစ်ကောင်စီက တအားယုတ်မာတာ၊ ဘယ် တော့မှ သေနတ်နဲ့တန်း ပစ်မသတ်ဘူး။ ဓားတွေနဲ့ထိုး၊ နှိပ်စက်ပြီးမှ သတ်တာ”ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ BPDF-3702 Yoma မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ညောင်ပင်သာကျေးရွာအတွင်းရှိနေအိမ်များအား စစ်ကောင်စီတပ်မှ မွှေနှောက်သွားပြီး တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများ ယူသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကောင်စီတပ်က သူတို့မသင်္ကာတဲ့အိမ်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေဆို တက်မွှေပြီးတန်ဖိုးကြီး ပစ္စည်းတွေ၊ ဆိုင်ကယ်တွေကို ယူသွားနေကြပဲ” ဟု BPDF-3702 Yoma မှ တာဝန်ရှိသူက ဆက်လက်ပြော ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ညောင်ပင်သာကျေးရွာအတွင်း လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ် သည်။

၂၀၂၂ ခုနှစ်အတွင်းကလည်း KNU တပ်မဟာ (၃ ) တပ်ရင်း (၈) နှင့် (၉) တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ BPDF-3702 Yoma မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly