ဒီမော့ဆိုးမြို့ရှိ စစ်ရှောင်စခန်း၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပြုလုပ်

By ဂျူချန်း
02 March 2023
ဒီမော့ဆိုးမြို့ရှိ စစ်ရှောင်စခန်း၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပြုလုပ်

မဇ္ဈိမ။။ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) အဖွဲ့နှင့် ကျေးလက်မြေအဖွဲ့တို့ ပူးပေါင်းပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သင်တန်းကို ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကရင်နီပြည်နယ်ဆိုတာက စစ်ရှောင်ဦးရေ နှစ်သိန်းကျော် ရှိနေတဲ့အတွက် စစ်ရှောင်မိသားစုတွေက နေ့တိုင်းလိုလိုမှာ ဒီလက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကို ရင်ဆိုင်နေရပါတယ်။ ဒီစစ်ရှောင်မိသားစုတွေက အိုးအိမ်ပျက်စီးမှုတွေရှိသလို မိသားစုအသက်တွေကလည်း ကြီးကြီးမားမား ပေးဆပ်မှုတွေလည်း ရှိပါတယ်။ အဲ့လိုစစ်ရှောင်ပြည်သူတွေကို စိတ်ခွန်အား ပေးနိုင်ဖို့အတွက် ဒီသင်တန်းကို ပေးရခြင်းဖြစ်ပါတယ်” ဟု ကျေးလက်မြေအဖွဲ့ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

အဆိုပါသင်တန်းတွင် ဒီမောဆိုးမြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခုမှ အမျိုးသမီး ၂၅ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို တက်ခြင်းအားဖြင့် မိမိကိုယ်တိုင်အပါအဝင် အခြားသူများအားလည်း စိတ်ပိုင်းဆိုင်ရာ ကုစားမှု ပြန်လည်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ဆိုသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required