မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ အလစ်အငိုက်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

By ပါခွီး
02 March 2023
မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ အလစ်အငိုက်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အမှတ်(၂) ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး တပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း မုံရွာနတ်ဆိုး တပ်ဖွဲ့မှ မတ်လ ၂ ရက် တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေ ၆ နာရီခန့်တွင် အမှတ် (၂) ရဲစခန်းမှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်ဦးသည် အေးရိပ်သာလမ်းအားပိတ်နေစဉ် နတ်ဆိုးအထူးကွန်မန်ဒိုတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ ကျောင်းထဲကအစောင့်တွေက သွပ်ဆူးကြိုးရိုက်ထားတဲ့ သစ်သားခုံတွေနဲ့ လမ်းပိတ်ဖို့ ထွက်လာတာမှာ အနီးကပ် ထိထိမိမိကိုပစ်ခဲ့တာ ကျနော်တို့ကို ပြန်တောင်မပစ်နိုင်ကြဘူး” ဟု မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမှတ်(၂) ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အခြေစိုက်တပ်စွဲထားပြီး ညနေ ၆ နာရီခန့်တွင် ၎င်းတို့လုံခြုံရေးအတွက် လမ်းကိုအမြဲ ပိတ်လေ့ရှိကြောင်းသိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

မြေပြင်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်မပစ်ခတ်နိုင်ခြင်းမရှိသော်လည်း စာသင်ကျောင်းပေါ်ရှိ စက်ကလေးနှင့်စောင့်နေသည့် စစ်ကောင်စီတပ်တပ်သားမှ ပစ်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ် (၂) ရဲစခန်းတွင် အင်အား ၂၀ ခန့်ရှိသော်လည်း အခြေအနေပေါ်မူတည်ပြီး တပ်အင်အား အတိုးအလျော့ရှိတတ်ကြောင်းနှင့် ယင်းသို့ပစ်ခတ်ခံရပြီးနောက် အင်အားထပ်မံ ဖြည့်တင်းထားကြောင်းသိရသည်။

ထိုသို့ပစ်ခဲ့ပြီးမကြာမီ အရေးပေါ်လူနာတင်ကားများရောက်လာခဲ့ပြီး ၎င်းတို့၏စစ်ကားများနှင့်အတူ မုံရွာမြို့ဘက်သို့ အမြန်မောင်းနှင်သွားခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို အဖွဲ့တာဝန်ရှိသူမှ ပြန်လည်ပြောပြသည်။

နတ်ဆိုးအဖွဲ့မှ ပစ်ခတ်မည့်အသင့်အနေအထားတွင် အမျိုးသမီးတစ်ဦး ပစ်ကွင်းအတွင်းသို့ ဝင်လာသဖြင့် ၎င်းအားဖယ်ခိုင်းနေခဲ့ရကာ မှတ်တမ်းတင်ခြင်း အဆင်မပြေဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မတ်လ ၁ ရက်နေ့တွင် ရဲစခန်းရှေ့၌ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး ပြည်သူတစ်ဦးကိုပစ်ခတ်ခဲ့ကြောင်း နတ်ဆိုးအဖွဲ့တာဝန်ရှိသူမှ ဆက်လက် ပြောဆိုသည်။

၎င်းတို့ တပ်ဖွဲ့ စစ်ဆင်ရေးလှုပ်ရှားမှုများတွင် ပြည်သူများမထိခိုက်စေရေး ဦးစားပေး ဆောင်ရွက်ရသဖြင့် မစ်ရှင်များနောက်ကျခြင်း၊ ဖျက်သိမ်းခဲ့ရခြင်းများရှိလာ၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး စစ်ကောင်စီတပ်ဖွဲ့များနှင့် ဝေးသောနေရာများတွင် သွားလာနေထိုင်ကြရန် အသိပေးလိုကြောင်းဆိုသည်။

အိမ်စီးကားများအနေဖြင့်လည်း ကားမှန်ချပြီး မောင်းနှင်ပေးရန်နှင့် ပစ်ခတ်သံများကြားပါက အလျှင်အမြန် လုံခြုံသည့်နေရာရှာပြီး သတိဖြင့်နေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း ။။  Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required