အိုင်အက်စ်အကြီးတန်းအဖွဲ့ဝင် ၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တာလီဘန်ပြော

By   AP
02 March 2023
အိုင်အက်စ်အကြီးတန်းအဖွဲ့ဝင် ၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တာလီဘန်ပြော

အာဖဂန်နစ္စတန်တွင် မကြာသေးမီ သီတင်းပတ်များက တာလီဘန်လုံခြုံရေးတပ်ဖွဲ့များ၏ သီးခြားစစ်ဆင်ရေးများ အတွင်း အိုင်အက်စ်အဖွဲ့၏ ဒေသဆိုင်ရာအကြီးတန်းအဖွဲ့ဝင် ၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

တာလီဘန်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ကဘူးလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဝင်ရောက်စီးနင်းမှု အတွင်း ဒေသဆိုင်ရာ အိုက်အက်စ်ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးအကြီးအကဲ ကာရီဖာတေးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တာလီဘန်အစိုးရ၏ အဓိကပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာမူဂျာဟစ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဖာတေးသေဆုံးမှုကို အိုင်အက်စ်အဖွဲ့၏ Telegram ချန်နယ်တွင် အတည်ပြုထားသည်ဟု အဆိုပါအဖွဲ့နှင့် နီးစပ်သည့် သတင်းဌာနတစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်၌ ယခုလအစောပိုင်းက ကဘူးလ်မြို့ရှိ သီးခြားစစ်ဆင်ရေးတစ်ခုအတွင်း အိုင်အက်စ်ထိပ်တန်းခေါင်းဆောင် အီဂျက်ဇ် အာမင်အာဟင်ဂါ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင် ၃ ဦး သုတ်သင်ရှင်းလင်း ခံခဲ့ရသည်။ 

လူအသေအပျောက်ရှိစေမည့် တိုက်ခိုက်မှုများကို စီစဉ်နေသည့် နိုင်ငံခြားသားများ အပါအဝင် အခြားအိုင်အက်စ်အဖွဲ့ဝင် အများအပြားကို မကြာသေးမီ ရက်ပိုင်းအတွင်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း မူဂျာဟစ်က ပြောကြားခဲ့သည်။

အိုင်အက်စ်အဖွဲ့၏ ဒေသဆိုင်ရာအဖွဲ့ခွဲဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ်အဖွဲ့သည် တာလီဘန်၏ အဓိကပြိုင်ဘက်ဖြစ်သည်။ တာလီဘန်က အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် သိမ်းပိုက်ပြီးနောက် အဆိုပါ စစ်သွေးကြွအဖွဲ့သည် တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။ အဆိုပါအဖွဲ့၏ ပစ်မှတ်များတွင် တာလီဘန်လှည့်ကင်းများနှင့် အာဖဂန်နစ္စတန်ရှိ ရှီးယိုက်လူနည်းစုများ ပါဝင်သည်။

ကဘူးလ်မြို့တော်နှင့် အနောက်ပိုင်း နင်မ်ရော့ဇ်ပြည်နယ်တို့တွင် ပြုလုပ်သည့် စီးနင်းတိုက်ခိုက်မှုများသည် ကဘူးလ်မြို့ရှိ Longan ဟိုတယ်၊ ပါကစ္စတန်သံရုံးနှင့် စစ်တပ်လေဆိပ်တို့အား တိုက်ခိုက်မှုကို စီစဉ်ခဲ့သည့် အိုင်အက်စ်စစ်သွေးကြွများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

တာလီဘန်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုသေးဘဲ ၎င်းတို့အာဏာရလာချိန်မှစ၍ ချမှတ်ခဲ့သည့် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ အထူးသဖြင့် အမျိုးသမီးများနှင့် လူနည်းစုများ၏ အခွင့်အရေးများကို ကန့်သတ်ချက်များအပါအဝင် ပြင်းထန်သော အရေးယူဆောင်ရွက်မှုများအပေါ် စိုးရိမ်လျက်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly