ရွှေကြာပင်ရပ်ကွက်တွင် တစ်လအတွင်း ဗုံးဖောက်ခွဲမှု  ၂ ကြိမ်ပြုလုပ်ခဲ့ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ပြော

By 001 မဇ္စျိမ
02 March 2023
ရွှေကြာပင်ရပ်ကွက်တွင် တစ်လအတွင်း ဗုံးဖောက်ခွဲမှု  ၂ ကြိမ်ပြုလုပ်ခဲ့ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ပြော

 နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်ရပ်ကွက်တွင် ဖေဖော်ဝါရီလအတွင်း ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း နေပြည်တော် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွှေကြာပင်ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်ခိုင် ၏နေအိမ်ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၇ နာရီကျော်ခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယဉက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကြံ့ခိုင်ရေးပါတီဝင် ဦးမြညိမ်း၏ နေအိမ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

“ ဦးမြညိမ်းက အရင်တည်းက အကြမ်းဖက်လိုစိတ်ရှိသူဖြစ်တယ်။ ဘာလို့ပြောလဲဆိုရင် သူတစ်ချိန်က ရွေးကောက်ပွဲမဲဆွယ်စကားတွေကို လေ့လာရင်သိနိုင်ပါတယ်။ အခုလည်း မင်းအောင်လှိုင်နဲ့လူတစ်စု အာဏာသိမ်းတော့ လူတစ်စုဆိုတဲ့အထဲပါတဲ့သူက ပူးပေါင်းနေတယ်။ အကြမ်းဖက်မှုတွေကို အားပေး ကူညီနေတယ်။ ဒါကိုသိလို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ သတင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဒရယ်ဂွန်ကပြောသည်။

အထက်ပါ တိုက်ခိုက်မှုနှစ်ခုစလုံးတွင် နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဇေယျာသီရိမြို့နယ်ရှိ ဂိတ်စခန်းတစ်ခုကို သွားရောက် တိုက်ခိုက်ခဲ့ရာ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတိထားမိသွားသည့်အတွက် ကင်းဘန်ကာနှင့် ခပ်လှမ်းလှမ်းကိုသာ ပစ် ခတ်နိုင်ခဲ့ကြောင်းဆိုသည်။

အာဏာသိမ်းပြီးနောက် လုံခြုံရေးတင်းကျပ်ထားသည့် နေပြည်တော်တွင်လည်း ဗုံးဖောက်ခွဲခံရမှုများဖြစ် ပွားလေ့ရှိပြီး မတ်လ ၁ ရက်နေ့ ညပိုင်းကလည်း ဇမ္ဗူသီရိမြို့နယ်ရှိ ဧရာဝတီလမ်းမတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဧရာဝတီလမ်းပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါ စားသောက် ဆိုင်အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အစပ် တွင်ရှိသော စစ်ကောင်စီ၏ အမှတ်(၂၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ကို နေပြည်တော် ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့မှ ဒုံးလက်နက်ဖြင့် ပစ်ခတ်ခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required