မင်းလှမြို့မှ ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကားတိမ်းမှောက်၊ ၅ ဦးသေဆုံး 

By ရွှေနွယ်  မဇ္ဈိမ
02 March 2023
မင်းလှမြို့မှ ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကားတိမ်းမှောက်၊ ၅ ဦးသေဆုံး 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိန်ကန့်လန့်နှင့် မြို့ချောင်းကြားမှတစ်ဆင့် တောလမ်းအတိုင်း ခါချဉ်တောင်ပေါ်သို့ တက်လာသော စစ်ကောင်စီတပ်ကား သုံးစီးအနက် တစ်စီးသည် ချောက်ထဲထိုးကျကာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည်ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စုမှုးမှပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ နံနက် ၄ နာရီလောက်က ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ ယာဉ် ချောက်ထဲကျသွားသည့်အတွက် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

"လက်ရှိမှာ စိန်ကန့်လန့်စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ လောက်ရှိနေတယ်၊ ယာဉ်တိမ်းမှောက်သောနေရာမှာ စစ်ကောင်စီကား နှစ်စီးရှိနေပြီး စိန်ကန့်လန့်−မြို့ချောင်းလမ်းကိုလည်း ပိတ်ထားတယ်၊ ဘယ်ယာဉ်ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုဘူး" ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စုမှုးမှ ပြောသည်။ 

လက်ရှိတွင် သေဆုံးရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းလှမြို့နယ် ခလရ (၁)၊ သာယာဝတီခရိုင် ခလရ (၃၅)၊ အုတ်ဖိုမြို့နယ် ခလရ (၆) တပ်တို့မှ တပ်သားတွေဖြစ်ပြီး ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးရန် တက်လာသော စစ်ကြောင်းဖြစ်သည်ဟု သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required