အိန္ဒိယနိုင်ငံပိုင် Yantra India Limited က စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများရောင်းချဟု JFM ထုတ်ပြန်

By 001 မဇ္စျိမ
02 March 2023
အိန္ဒိယနိုင်ငံပိုင် Yantra India Limited က စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများရောင်းချဟု JFM ထုတ်ပြန်

အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီက နိုင်ငံတကာဉပဒေကို ချိုးဖောက်ပြီး စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများ တင်ပို့ရောင်းချခဲ့ကြောင်း Justice for Myanmarက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အိန္ဒိယ၏ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်ကို ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိသည့် ၁၂၂ မမ အမြောက်ပြောင်းအလက် ၂၀ ကို တင်ပို့ခဲ့ ကြောင်း Justice for Myanmarက ဖော်ပြသည်။

အဆိုပါ အမြောက်ပြောင်းများကို စစ်ကောင်စီ၏ စစ်လက်နက်ပွဲစား ဦးကျော်ကျော်ထွန်းပိုင်ဆိုင်သည့် Innovative Industrial Technologies Co.,ltd ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက အမြောက်ပြောင်းများ တင်ပို့မှုကို ခွင့်ပြုပေးခြင်းသည် မြန်မာအရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ အဆင်ခြင်မဲ့တိုက်ခိုက်မှုများကို တိုက်ရိုက်ကူညီပံ့ပိုးပေးနေခြင်းဖြစ်ပြီး ယင်းအမြောက် ပြောင်းများကို စစ်အုပ်စုက နိုင်ငံတကာဉပဒေချိုးဖောက်မှုများကို ဆက်ပြီးကျူးလွန်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ထို့ကြောင့် အိန္ဒိယအနေဖြင့် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဉပဒေအရ တာဝန်များကို စောင့်ထိန်းရန် JFM က တိုက် တွန်းထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ရှိနေသည့် ပြဿနာများကို ပြည်တွင်းရေးပြဿနာဟု သဘော ထားပြီး ဝင်ရောက်စွက်ဖက်မှုမပြုဆိုသည့် သဘောထားမျိုးရှိပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“အိန္ဒိယနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ သဘာဝအတိုင်းပဲ သူ့အကျိုးစီးပွားအပေါ်မှာပဲ ရပ်တည်ပြီးတော့ မြန်မာ နိုင်ငံနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လတ်တလော အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အင်အားစုနဲ့ပဲဆက်ဆက်ဆံမယ်။ နောက် ဒီလိုအကျိုးစီးပွားဆိုင်ရာ ဆက်ဆံရေးမှာလည်း စီးပွားရေးဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုတွေထပ်ပြီးလုပ်သလို လက်နက်တွေလည်း ရောင်းနေပါတယ်။ ဒါ တရုတ်တို့ ရုရှားတို့ နည်းတူ ဒီနိုင်ငံတွေရဲ့ သဘောထားက အဲ့ဒီအတိုင်း ရှိပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဒီမိုကရေစီနိုင်ငံဖြစ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် စစ်အုပ်စုနှင့် အတူမရပ်တည်ဘဲ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် အိန္ဒိယအစိုးရကိုတောင်းဆိုကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required