ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုရှိမည်ဟု IMF ခန့်မှန်း 

By မေဘယ်လ်သူ
02 March 2023
ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုရှိမည်ဟု IMF ခန့်မှန်း 

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထုတ်ပြန်ထားသည်။
 
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အတွင်း မြန်မာ့စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း နှစ်ရာခိုင်နှုန်းမှ ယခု  ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းကို တိုးတက်လာခြင်းဖြစ်ကြောင်း ဆိုထားသည်။ 

ထို့အပြင် လာမည့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၃ ဒသမ ၄ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းထားသည်။ 

“ပြည်တွင်းစီးပွားရေးက ဒီနှစ်ထဲမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုရှိမယ်လို့ IMF က ခန့်မှန်းထားသလိုဖြစ်လာမလားဆိုတာ လာမည့် လေးလပိုင်း ဘတ််ဂျက်ခွဲဝေမှုနဲ့ ဖြစ်လာမယ့်အခြေအနေတွေပေါ်မှာမူတည်ပါတယ်” ဟု မဇ္ဈိမ၏ စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။ 

သို့သော်လည်း မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ထက် နောက်ကျနေပြီး၊ သီရိလင်္ကာ၊ စင်ကာပူ နှင့် လာအိုနိုင်ငံတွေထက် စီးပွားရေး ပိုမိုတိုးတက်မှုရှိမည်ဟု ခန့်မှန်းထားလေသည်။ 

ဒါ့အပြင် ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင်လည်း မြန်မာ့ GDP သုံးရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားလေသည်။ 

ငွေကြေးခဝါချမှုအပါအဝင် အကြမ်းဖက်မှုများနှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly