တရုတ်ကွန်မြူနစ်ပါတီက ၁၄ ဆက်မြောက်ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံရေးကိစ္စကို နှောင့်ယှက်ရန် ဝါဒဖြန့် ရုပ်သံအစီအစဉ်များ စတင်ထုတ်လွှင့်  

By ANI
02 March 2023
တရုတ်ကွန်မြူနစ်ပါတီက ၁၄ ဆက်မြောက်ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံရေးကိစ္စကို နှောင့်ယှက်ရန် ဝါဒဖြန့် ရုပ်သံအစီအစဉ်များ စတင်ထုတ်လွှင့်  

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံခြင်းဆိုင်ရာကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဝါဒဖြန့်ချိရေး ရုပ်သံအစီအစဉ်ထုတ်လွှင့်မှုများကို စတင်လိုက်ကြောင်း Tibet Rights Collective က သတင်းထုတ်ပြန်သည်။

ရုပ်သံချန်နယ် CCTV တွင် ထုတ်လွှင့်ပြသခဲ့သော Tashilhunpo ဟူသော အခန်းဆက်အစီအစဉ်တွင် ဒလိုင်းလားမားနှင့် ပန်ချန်လားမားတို့၏ အရိုက်အရာဆက်ခံမည့်သူများကို ရှာဖွေခြင်းဆိုင်ရာ အသေးစိတ်မှတ်တမ်းကို ဖော်ပြခဲ့ကြောင်း Global Times ကို ကိုးကား၍ Tibet Rights Collective က ဖော်ပြခဲ့သည်။ ဘာသာရေးထုံးတမ်းစဉ်လာကို ၁၃ ရာစုနှောင်းပိုင်းကတည်းက တရုတ်ပိုင်နက်တွင် တရုတ်အစိုးရမှ ကြီးကြပ်ကျင်းပခဲ့သည်ဟု ရုပ်သံစီးရီးတွင် ရိုက်ကူးပြထားသည်။

တရုတ်အစိုးရသည် တိဗက်ဒေသသို့ လာလည်ရန် ပြည်သူများအား ဖိတ်ခေါ်ခဲ့သလို ပြည်ပဘလော့ဂါများနှင့် လူသိများထင်ရှားသူများကို ဖိတ်ခေါ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် တိဗက်အား သာယာအေးချမ်းသောဒေသအဖြစ် ပုံဖော် ရိုက်ကူးစေခဲ့ပြီး ဆွေးနွေးပွဲများ၊ ပြပွဲများကို ကျင်းပကာ လူမှုမီဒီယာများတွင် မျှဝေခဲ့သည်။  

ဒလိုင်းလားမား အရိုက်အရာဆက်ခံခြင်းကို တရုတ်နိုင်ငံတွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း  အလေးအနက်ပြောသည့်အနေဖြင့်  "တရုတ်နိုင်ငံသည် တိဗက်ဗုဒ္ဓဘာသာ၏ မွေးရပ်မြေဖြစ်ပြီး ဒလိုင်းလားမားနှင့်ပန်ချန်လားမားတို့၏ အရိုက်အရာကို ဆက်ခံမည့်သူများသည် တရုတ်လူမျိုးများဖြစ်သည်" ဟု တရုတ်အစိုးရက ဆိုသည်။ မည်သည့်ဘာသာရေး ကိစ္စမဆို တရုတ်ပြည်တွင်းရေး၏ အစိတ်အပိုင်းဖြစ်သောကြောင့် တရုတ်ဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဟုလည်း အကြံပြုထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံခြင်း ဖြစ်စဉ်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး မိမိကိုယ်ကို ဘာသာမဲ့နိုင်ငံအဖြစ် ကြေညာထားသော်လည်း တိဗက်ဗုဒ္ဓဘာသာကို ထိန်းချုပ်ကာ အလွဲသုံးစားလုပ်ရန်နှင့်  တရုတ်ဝိသေသလက္ခဏာများဖြင့် တင်ပြရန် ကြိုးပမ်းလာသည်။ 

ကမ္ဘာ့အသက်အငယ်ဆုံးနှင့် သက်တမ်းအရှည်ဆုံး နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သည့် တိဗက်၏ ပန်ချန်လားမားသည်  တရုတ်အစိုးရ၏ဖမ်းဆီးမှုကို ခံရစဉ်က အသက် ၆ နှစ်သာရှိသေးပြီး တရုတ်အာဏာပိုင်များက ၎င်း၏နေရာတွင်  အခြား ရုပ်သေးပန်ချန်လားမားတစ်ဦးကို ခန့်အပ်ထားကြောင်း Tibet Rights Collective က ဖော်ပြထားသည်။ 

အရိုက်အရာဆက်ခံခြင်းအကြောင်း လိမ်ညာဖြန့်ဝေသည့် ရုပ်သံအစီအစဉ်သည် အဓိကဝါဒဖြန့်ထုတ်လုပ်မှုအစီအစဉ်ကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်သည်ဟု တိဗက်အခွင့်အရေးအဖွဲ့က ပြောသည်။

နိုင်ငံရေးရည်ရွယ်ချက်များအတွက် တရုတ်ပြည်တွင်းမှလူများအပါအဝင် တစ်စုံတစ်ယောက်က ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်းမျိုးကို မပြုလုပ်သင့်ကြောင်း  ဒလိုင်းလားမားက ပြောကြားခဲ့သည်။
အဝေးရောက်တိဗက်အစိုးရက  တိဗက်လူမျိုးများ၏ အရိုက်အရာဆက်ခံခြင်းနှင့် ပတ်သက်သော တရုတ်၏ ပြောဆိုချက်များကို ငြင်းပယ်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly