စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေး၏တပ်ဦးနေရာတွင်ရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယကဆို

By ဂန္ဒမာ(မဇ္ဈိမ)
01 March 2023
စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေး၏တပ်ဦးနေရာတွင်ရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယကဆို

။ ။ စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေးအတွင်း စံနမူနာယူကြရသည့် တိုင်းဒေသကြီးဖြစ်ပြီး တော်လှန်ရေး၏ တပ်ဦးနေရာတွင်ရှိနေသည်ဟု CRPH ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ကပြောသည်။

မတ်လ ၁ ရက်နေ့ ပြုလုပ်ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမိန့်ခွန်းတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" စစ်ကိုင်းတိုင်းအတွင်းမှာရှိကြသော ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များဟာ ပေးဆပ်မှုပေါင်း မြောက်များစွာနဲ့ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ မဆုတ်မနစ် ပါဝင်ဆင်နွှဲနေကြတာ ကမ္ဘာကပင် အသိအမှတ်ပြုနေရပါတယ်။ ဘဝကိုပေးဆပ်ပြီး လမ်းသစ်ဖောက်ကာ လျှောက်လှမ်းနေကြရတာလည်းဖြစ်ပါတယ် " ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များသည် လူထုလူတန်းစား အလွှာအသီးသီးမှ ရောက်ရှိလာကြသူများ ဖြစ်သော်လည်း ပြည်သူများ၏လိုလားချက်ကို ဖြည့်ဆည်းပေးရန်ဟူသည့် ခံယူချက်တူညီစွာဖြင့် ဆွေးနွေးညှိနှိုင်း ပူး‌ပေါင်း‌ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ပြည်သူကို ကိုယ်စားပြု တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးများကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိကာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံ လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ် " ဟု ဦးအောင်ကြည်ညွန့်ကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များအားလုံးသည် မိမိတို့မဲဆန္ဒနယ်မြေမှ ပြည်သူများ၏ စုစည်းမှုအင်အားကိုအခြေပြုကာ နွေဦးတော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကာ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြမည်ဟု ဦးအောင်ကြည်ညွန့် က နိဂုံးချုပ်ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးရေ ၇၆ ဦး တက်ရောက်ခွင့်ရှိသည့်အနက် တက်ရောက်သူဦးရေ ၄၃ ဦးရှိခဲ့ပြီး နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပွားနေသည့် တော်လှန်ရေးကာလ အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်အတွင်းဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နေအိမ်ပေါင်း ၅၇,၈၀၇ လုံး မီးရှို့ခံခဲ့ရကြောင်း ISP Myanmar က ထုတ်ပြန်သည်။

အလားတူ PDF များအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု များအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအများအပြားကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ကြောင်း NUG မှလည်း ရေးသား ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly