ဖားကန့်၊ မဂေါင်းတောင်ရွာတွင် အရပ်သား ၉ ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ PDFနှင့် KIA တပ်ဖွဲ့ဝင်တချို့ စစ်ဆေးခံနေရဟုဆို

By အဂမ်
01 March 2023
ဖားကန့်၊ မဂေါင်းတောင်ရွာတွင် အရပ်သား ၉ ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ PDFနှင့် KIA တပ်ဖွဲ့ဝင်တချို့ စစ်ဆေးခံနေရဟုဆို

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုရှိ မဂေါင်းတောင်ကျေးရွာ၌ဖြစ်ပွားခဲ့သော အရပ်သား ကိုးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟုယူဆရသည့် PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့ စစ်ဆေးခံနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်နီးစပ်သည့် မဇ္ဈိမ၏သတင်းရင်းမြစ်များထံမှ သိရသည်။

မိုးကောင်းမြို့ ပြပြောက်ကျားအဖွဲ့ (UG Black K) အဖွဲ့ဝင်အချို့နှင့် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၂၀) မှတပ်သားအချို့ အပါအဝင် စုစုပေါင်း (၂၀) ဦးကို KIO/KIA ဌာနချုပ်တွင်ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကပြောသည်။

“ ဒီဖြစ်စဥ်မှာ အဓိကကတော့ သတင်းအမှားပေးတဲ့ သူတွေကြောင့်ပေါ့။ အခုက ဒလန်ထင်တယ်ဆိုတဲ့ ’ထင်’ တလုံးအောက်မှာ ကျူးလွန်မိသွားတာပေါ့။ ဒီကာလက ဒလန် လို့ဆိုတဲ့ အသုံးအနှုန်းက အရမ်းထိလွယ် ရှလွယ်တော့ ဒီလိုဖြစ်သွားတယ်နဲ့တူတယ်။ အခုဒီဘက်က ( KIA စစ်ဌာနချုပ်) လူတွေကို ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါပြီ။ ပါဝင်တဲ့သူတွေကိုလည်း ဖမ်းထားပါပြီ ” ဟု ကချင် သတင်းရင်းမြစ်ကပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့၊ ဆားမှော်၊ မိုးကောင်းမြို့၊ ဖားကန့်မြို့နှင့် နမ္မတီးမြို့တို့မှ အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး KIO ဗဟိုအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စုံစမ်းစစ်‌ဆေးမှု
များပြုလုပ်နေသည်ဟု သိရသည်။

အသတ်ခံရသူများသည်  ဆားမှော်၊ နမ္မတီး၊ ဗန်းမော်အစရှိသည့် နေရာဒေသအသီးသီးမှ ဖားကန့်သို့လာရောက်ခဲ့ကြသူများဖြစ်သည်။ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ ဦးကျော်စိုး (မိုးကောင်းမြို့နေ) ပိုင်ဆိုင်သော လဝါးကျေးရွာရှိ စိုက်ပျိုးရေးခြံသို့သွား၍ ငါးဖမ်းထွက်ကြစဉ် ယင်းနေ့၌ပင် ဖမ်းဆီးခံလိုက်ရခြင်းဟုဆိုသည်။

၎င်းတို့ဖမ်းဆီးခံရပြီး တလခန့်အကြာ ဖေဖော်ဝါရီ ၂၅ ရက်၌ သွားရောက်စုံစမ်းစစ်ဆေးစဉ် လဝါးကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင်  ခုနှစ်ပေခန့်ကျယ်ဝန်းသော ကျင်းတခုအတွင်း ခုနှစ်ဦး၏အလာင်းနှင့် အခြားကျင်းတခုတွင် နှစ်ဦး၏ အလောင်းကို မြှုပ်နှံထားသည်ကိုတွေ့ရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်ကပြောသည်။

“ အသတ်ခံရတဲ့ကိုးယောက်ရဲ့အလောင်းတွေကို ကျင်းထဲကနေပြန်ထုတ်ပြီး ကျနော်တို့မီးသင်္ဂြိုဟ် လိုက်ပါပြီ။ ကောင်းကောင်း ပြန်ပြီးမြုပ်ပေးလိုက်တာပေါ့။ အလောင်းတွေကိုက ရွာ(လဝါးရွာ)ရဲ့ ချောင်ကျတဲ့ နေရာမှာ မြုပ်ထားတာ ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနှစ်ဦးကို ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့က မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ကျန်နှစ်ဦးကို နောက်တနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်။

၎င်းတို့သတ်ဖြတ်ခံရအပြီး သုံးရက်အကြာတွင် မိုးကောင်းမြို့ပြပြောက်ကျား (UG Black K) အဖွဲ့က "ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့အပေါင်းအပါ  (၉) ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး‌၊ ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒို ထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်" ဟု ၎င်းတို့အဖွဲ့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် မိုးကောင်းမြို့ပြ ပြောက်ကျား (UG Black K) အဖွဲ့မှ အဆိုပါထုတ်ပြန်ချက်ကို ပြန်လည်ဖျက်ခဲ့သည့်အပြင် ယင်အဖွဲ့မှတပ်သားအချို့လည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် ဦးဂျန်မောလဆိုသူသည်လည်း ၎င်း၏လုံခြုံရေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကာ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာလူကြီးများမှ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မဇ္ဈိမအနေဖြင့် ဦးဂျန်မောလနှင့်ပတ်သက်သည့် ကိစ္စရပ်အသေးစိတ်ကို မသိရှိရသေးဘဲ မေးမြန်းနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။

သေဆုံးခဲ့သူများမှာ ဗန်းမော်မြို့မှ အသက် (၅၄) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ  ဦးမြင့်ထွေး၊ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဦးထွန်းယုံနှင့် ဦးဖိုးလေး၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ အသက် (၄၇) နှစ်ခန့်အရွယ် ဦးယောဟန်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ အသက် (၂၈) နှစ်ရှိ ဒေါ်အင်ဒေါင်နန်လွမ်နှင့် ဒေါ်ဖောင်မားခေါန်ဘူ၊ အသက် (၄၉) နှစ်ခန့်အရွယ် ဦးကျော်စိုးတို့ဖြစ်ကြောင်း သိရသည်။

ရှမ်းနီပြည်သူ့စစ်ခေါင်ဆောင်ဟု အမည်ထွက်နေသည့် ဦးကျော်စိုးဆိုသူကို KIA ၊ PDF ပူးပေါင်းတပ်များမှ သွားရောက်ဖမ်းခေါ်ချိန် အတူရှိနေကြသည့်အတွက် ယခုကဲ့သို့ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း လဝါးကျေးရွာမှ သတင်းရင်းမြစ်ကသုံးသပ်သည်။

ဦးကျော်စိုးသည် ရှမ်းနီတိုင်းရင်းသားဖြစ်ကြောင်းနှင့် ဌာနေရှမ်းပြည်သူ့စစ်သင်တန်းတက်ခဲ့ဖူးသူဖြစ်ကာ လက်ရှိတွင် လဝါးကျေးရွာဘက်၌ ခြံလုပ်နေသည်မှာ နှစ် နှစ်ကျော်ခန့်ရှိပြီဟု လဝါးကျေးရွာမှ နောက်ထပ်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဦးကျော်စိုး၏မိသားစုနှင့် နီးစပ်သူတစ်ဦးကမူ
" သေဆုံးသူ ဦးကျော်စိုးဟာ ပြည်သူ့စစ် စစ်သားဖြစ်တယ်ဆိုတာ မမှန်ကန်ဘဲ လိမ်ညာစွပ်စွဲမှုတစ်ခုသာ ဖြစ်တယ်" ဟု ဆိုသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် လဝါးကျေးရွာလမ်းပိုင်းတွင် စစ်ကောင်စီ၊ရှမ်းနီ(SNA)ပူးပေါင်းတပ်ဖွဲ့နှင့် KIA၊PDFပူးပေါင်းတပ်ဖွဲ့တို့ မကြာ ခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အဆိုပါလမ်းပိုင်းကို ခြေကုပ်ယူနိုင်ရန်လည်း နှစ်ဖက်အားပြိုင်မှုများ ရှိနေသည်။

အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ Mizzima အနေဖြင့် UG Black K အဖွဲ့ထံ မေးမြန်းရန်ကြိုးပမ်းနေပြီး အဆက်အသွယ်မရသေးပေ။ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ မတ်လ(၁)ရက်ည ၇နာရီ ၂၁မိနစ်က ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဆောင်သူက ဗိုလ်မှူးကြီးနော်ဘူ အစည်းအဝေးလုပ်နေ၍ လတ်တလောဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောကြားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။  ။မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required