ဒူးရင်းဆိပ်တံတား လုံခြုံရေးတပ်ဖွဲ့နှင့် ခလရ (၂၄) တို့အား KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်

ဒူးရင်းဆိပ်တံတား လုံခြုံရေးတပ်ဖွဲ့နှင့် ခလရ (၂၄) တို့အား KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်

မဇ္ဈိမ။ ။မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု ဒူးရင်းဆိပ်တံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးယူထားသော နေရာနှင့် သထုံအခြေစိုက် ခလရ (၂၄)တို့အား ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း(Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်း သိရ သည်။

နှစ်နေရာလုံးအား KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး တံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးယူထားသော ဘန်ကာအနီးသို့ ကျရောက်ခဲ့ကာ အထိခိုက်၊ အကျအဆုံးအား အတည်မပြုနိုင်သေးကြောင်း သိရသည်။

“တိုက်ခိုက်ခံရတဲ့တံတားက မွန်နဲ့ကရင်ပြည်နယ် ဆက်ထားတဲ့တံတားပါ။ ဒရုန်းနဲ့တိုက်ခိုက်တာဆိုတော့ အထိအခိုက်တော့ အတိအကျမသိရသေးဘူးဗျ။ စစ်ဆင်ရေးပြီးတော့ စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ပြန်ပစ်တာရှိတယ်။ ပြီးတော့ တံတားကိုခဏပိတ်ထားတယ်”ဟု သထုံမြို့နယ်မှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဒူးရင်းဆိပ်တံတားသည် မွန်ပြည်နယ် သထုံမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အား ဆက်သွယ်ထား သောတံတားဖြစ်ပြီး တံတားအစွန်းနှစ်ဖက်လုံးတွင် စစ်ကောင်စီတပ်မှဂိတ်ချကာ လုံခြုံရေးယူထားပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရအပြီးတွင် တံတားအား အသွားအလာခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် နီးစပ်ရာသို့ပစ်ခတ်ခဲ့ပြီး၊ သထုံအခြေစိုက် ခလရ(၂၄)အတွင်း ဗုံးသီးချတိုက် ခိုက်ခံရမှုကြောင့် တပ်အတွင်းမှ လက်နက်ကြီးများဖြင့် သထုံမြို့နယ်၊ ကျုံမှိန်ရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

“ကျုံမှိန်ကနေ ဒရုန်းလွှတ်ပြီး လာတိုက်တယ်လို့ထင်လို့ လက်နက်ကြီးတွေနဲ့ပစ်တာ။ အသံတွေဆိုတာ အကျယ်ကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မတ်လ ၁ ရက်နေ့တွင် KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သထုံမြို့နယ် ဆူးအင်းကျေးရွာရှိ မိုင်တဲ (MYTEL) တာဝါတိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းလည်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required