တိုင်းပြည်တည်ငြိမ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်ကြောင်း ယာယီသမ္မတပြော

By မေဘယ်လ်သူ
01 March 2023
တိုင်းပြည်တည်ငြိမ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်ကြောင်း ယာယီသမ္မတပြော

တိုင်းပြည်တည်ငြိမ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ကသာ အာမခံချက်ပေးနိုင်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ (၈)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး  ပိုမို စုံလင်တဲ့စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့ အစိုးရကသာ တိုင်းပြည်ရဲ့တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်”ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း (Deng Xijun) အနေဖြင့် တရုတ်-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လာရောက်တွေ့ဆုံ ကာ မြန်မာနိုင်ငံ၏ပဋိပက္ခအတွင်း မပါဝင်ကြရန်နှင့် တွေ့ဆုံဆွေးနွေးရေးအား ဦးစားပေးပြောဆိုခဲ့ ကြောင်းကို သတင်းမီဒီယာများမှ တဆင့်ကြားသိရကြောင်း ၎င်းကဆိုသည်။

စစ်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်မှုမပေးနိုင်ကြောင်း သမိုင်းတလျှောက် အကြိမ်ကြိမ် အာဏာသိမ်း မှုများဖြင့်ကြုံတွေ့ခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းမှုနှင့် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲ စိန်ခေါ်မှုများအား စာနာပြီး ရပ်တည်ပေးကြရန် မျှော်လင့်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“ကျနော်တို့ရဲ့ရပ်တည်ချက်ဟာ အာဏာရှင်စနစ်ဖျက်သိမ်းပြီး တည်ငြိမ်တဲ့အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင်နိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရဟာ တိုင်းပြည်ကိုတည်ငြိမ်မှုမပေးနိုင်တာ သမိုင်းတလျှောက် အကြိမ်ကြိမ် အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက်၊ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

NUG အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း လက်ရှိသွားနေသည့် အရှိန်ထက်မလျှော့ဘဲ ဆက်လက်အား တင်းပြီး တော်လှန်ရေးအရှိန်မြှင့်တင်ရန်လိုအပ်ပြီး မျှော်လင့်နေသည့် အောင်မြင်မှုရလဒ်ကို အမြန်ဆုံး ရရှိအောင် ဆက်လက်ကြိုးစားကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required