သဘာဝ ဘေးအန္တရာယ်များအတွက် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိ 

သဘာဝ ဘေးအန္တရာယ်များအတွက် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိ 

ငလျင်၊ ရေကြီးခြင်းနှင့် မုန်တိုင်းများကဲ့သို့သော အဖြစ်များလာသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြပြီး ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တိုက်တွန်းသည်။ 

၁၉၉၀ မှစကာ သဘာဝဘေး ၁၀,၇၀၀ ကျော် ဖြစ်ပွားပြီး ကမ္ဘာတစ်လွှားက လူပေါင်း ခြောက်ဘီလီယံကျော်အပေါ် သက်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျှော့ချရေးရုံးမှ အချက်အလက်များအရ သိရသည်။ 

၂၀၁၅ ခုနှစ်က ကုလသမဂ္ဂသည် ဘေးအန္တရာယ် တွက်ချက်ခြင်းနှင့် လျှော့ချခြင်းအပြင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်းများတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ၂၀၃၀ မကျော်လွန်ခင် သေကျေပျက်စီးမှု လျှော့ချနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို ချမှတ်သည့် “Sendai Framework” ကြေညာချက်ကို အတည်ပြုခဲ့သည်။ 

သို့ရာတွင် “လက်ရှိ အခြေအနေအားဖြင့် ၂၀၃၀ တွင် Sendai Framework ရည်မှန်းချက်များကို ပြည့်မီရန်မှာ ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း” သိပ္ပံပညာအဖွဲ့အစည်း ဒါဇင်များစွာ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ သိပ္ပံကောင်စီ (ISC) ၏ အစီရင်ခံစာတစ်ရပ်က ဆိုသည်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမို ဆိုးဝါးလာသော ရေကြီးမှုနှင့် မုန်တိုင်းများသည် သဘာဝဘေးတွင် ထိပ်ဆုံးမှ ရှိနေပြီး စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်း ရှိသည်။ 

အဖြစ်များလာသော ယင်း သဘာဝဘေးကြောင့် “ကမ္ဘာ့နေရာ တော်တော်များများသည် ဖွံ့ဖြိုးတိုးတက်မှုများအတွက် နောက်ကြောင်းပြန်လျက် ရှိသည်”ဟု အစီရင်ခံစာက ဆိုသည်။ 

“ဂရုစိုက်တာနဲ့ ရင်းနှီးမြှုပ်နှံတာ နည်းလွန်းတာကြောင့် စံနှုန်းမီ အဆောက်အအုံတွေ တည်ဆောက်ရေးကနေ ဘေးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်တာအထိ စီမံချက်နဲ့ တားဆီးကာကွယ်ရေးတွေမှာ ကာလကြာရှည်စေတယ်”ဟု ISC ဥက္ကဋ္ဌ ပီတာ ဂလက်မန်းက ပြောသည်။ 

တူရကီနှင့် ဆီးရီးယားတွင် မကြာသေးသည့် ငလျင်ကြီး လှုပ်မှုကဲ့သို့ သဘာဝဘေးပြီးနောက် နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက် ဆော်ဩနေသည့်ကြားမှပင် ကြိုတင်ပြင်ဆင်ရေးပိုင်း၌ အားနည်းနေဆဲ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။ 

သဘာဝဘေးအန္တရာယ် လျှော့ချရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မမ်မီ မီဇူတိုရီက “ပြီးခဲ့တဲ့ သုံးနှစ်မှာ မျိုးစုံသော စိန်ခေါ်မှုတွေက လာမယ့် သဘာဝဘေးအတွက် ပိုပြီး ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြင်ဆင်မှုတွေ လိုအပ်ပြီဆိုတာကို ပြသနေတယ်”ဟု ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required