အိန္ဒိယ နိုင်ငံပိုင် လက်နက်ကုမ္ပဏီက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့ 

အိန္ဒိယ နိုင်ငံပိုင် လက်နက်ကုမ္ပဏီက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့ 
Photo: AFP

အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့နေသည်ဟု တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ရပ်က ပြောပြီး ယင်း အမြောက်များကို သဘောထားကွဲလွဲသူများအား ဖြိုခွင်းရာ၌ စစ်ကောင်စီက အသုံးပြုနိုင်သည်ဟု သတိပေးသည်။ 

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို စစ်ဗိုလ်ချုပ်များက ဖြုတ်ချပြီး တိုတောင်းသည့် ဒီမိုကရေစီ အတွေ့အကြုံ အဆုံးသတ်ကာ ဆန္ဒပြမှုကြီးများ ဖြစ်ပွားပေါ်ပေါက်ပြီးနောက် ဝရုန်းသုန်းကား အခြေအနေ ကျရောက်လျက်ရှိသည်။ 

စစ်တပ်သည် တော်လှန်မှုများကို ဖြိုခွင်းရန် လုံးပမ်းနေရပြီး အတိုက်အခံအုပ်စုများအား လက်နက်ကြီး တရစပ် တိုက်ခိုက်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ဆင်နွှဲနေကြောင်း လူ့အခွင့်အရေးအဖွဲ့များအရ သိရပြီး စစ်ကောင်စီထံ လက်နက်ထောက်ပံ့ခြင်းအား ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းထားသည်။ 

အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့် Yantra India Limited ကုမ္ပဏီက ၁၂၂ မီလီမီတာ အမြောက်ပြောင်း ၂၀ ကို မြန်မာဆီ ပေးပို့ခဲ့ကြောင်း Justice for Myanmar က ရရှိသည့် သင်္ဘောအသွားအလာ အချက်အလက်တွင် ဖော်ပြသည်။ 

အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိ အဆိုပါ အမြောက်ပြောင်းများအား လက်ခံသူမှာ စီးပွားရေး အချက်အခြာ ရန်ကုန်တွင် အခြေစိုက်သည့် Innovative Industrial Technologies Company Limited ဖြစ်ကြောင်း အေအက်ဖ်ပီက ရရှိသည့် ယင်း အချက်အလက်များတွင် ဖော်ပြသည်။ 

ပြီးခဲ့သည့်နှစ်က အဆိုပါ ကုမ္ပဏီသည် data centre ၌ လုံခြုံရေးပစ္စည်းများ တပ်ဆင်ရန် စစ်ကောင်စီထံမှ တင်ဒါအောင်ခဲ့ကြောင်း အေအက်ဖ်ပီက မြင်တွေ့ခွင့်ရသည့် မှတ်တမ်းများအရ သိရသည်။ 

ယခု အမြောက်ပြောင်းများကို စစ်တပ်အတွက် အမြောက်များ ပြုလုပ်ရာတွင် အသုံးပြုဖွယ်ရှိသည်ဟု Justice for Myanmar က ပြောသည်။ 

Yantra India Limited သည် လက်နက်ကြီးပြောင်းများနှင့် အခြားသော အမြောက်နှင့် တင့်ကားလက်နက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ရာ ကုမ္ပဏီတစ်ရပ်ဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်အရ သိရသည်။ 

ထင်မြင်ချက်ပေးရန်အတွက် အေအက်ဖ်ပီအနေဖြင့် Yantra နှင့် Innovative Industrial Technologies ထံ ဆက်သွယ်ထားသည်။ 

“အမြောက်ပြောင်းတွေ တင်ပို့တာကို ခွင့်ပြုပြီး အိန္ဒိယဟာ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ထင်ရာစိုင်း တိုက်ခိုက်နေတာကို တိုက်ရိုက်ထောက်ပံ့နေတာပဲ”ဟု Justice for Myanmar မှ ပြောခွင့်ရသူ ဒေါ်ရတနာမောင်က ပြောသည်။ 

စစ်တပ်၏ သဘောထားကွဲလွဲသူများအား ဖြိုခွင်းမှုအတွင်း လူပေါင်း ၃,၀၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်အရ သိရသည်။ 

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေး သံတမန်ရေး အားထုတ်မှုများသည် ကုလသမဂ္ဂ၌ ရုရှနှင့် တရုတ်တို့၏ စစ်ကောင်စီအား အကာအကွယ်ပေးမှုနှင့်အတူ စမ်းတဝါးဝါး ဖြစ်နေသည်။ 

မြန်မာ့အရေး၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် “တရားလက်လွတ် ဖမ်းဆီးထားသူ” အားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုထားသည့် ဒီဇင်ဘာလအတွင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပထမဆုံး ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ်တို့နှင့်အတူ အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့သည်။ 

အိန္ဒိယနိုင်ငံအနေဖြင့် ရာဇဝတ်ဂိုဏ်းများ အရေးကဲ့သို့ နယ်စပ်ပြဿနာရပ်များကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများကို ရှောင်ကွင်း၍ မဖြစ်ကြောင်း စစ်ကောင်စီနှင့် အိန္ဒိယနှင့် ဆက်ဆံရေးကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ပြောထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required