ဂျပန်၏ နောက်ဆုံးထုတ် ကျောင်းသုံးဖတ်စာအုပ်များကို တောင်ကိုရီးယားရှုတ်ချ

ဂျပန်၏ နောက်ဆုံးထုတ် ကျောင်းသုံးဖတ်စာအုပ်များကို တောင်ကိုရီးယားရှုတ်ချ

ဆိုးလ်၊ မတ် ၁၈ ။                ။ တောင်ကိုရီးယားက ထိန်းချုပ်ထားသော ကျွန်းငယ်စုလေးများကို ဂျပန်ပိုင်နက်အဖြစ် ဖော်ပြထားသော နောက်ဆုံးထုတ့်အထက်တန်းကျောင်းသုံး ဖတ်စာအုပ်များကို တိုကျိုက အတည်ပြုခြင်းအား တောင်ကိုရီးယားက မတ် ၁၈ တွင် ကန့်ကွက်ခဲ့သည်။

"ဂျပန်က ကျွန်တော်တို့ရဲ့ပိုင်နက်နယ်မြေနဲ့ ပတ်သက်လို့ မျှတမှုမရှိတဲ့ ပြောဆိုချက်တွေအပါအဝင် သမိုင်းနဲ့ပတ်သက်တဲ့ အမြင်တွေကို ပုံဖျက်တာတွေပါတဲ့ အထက်တန်းကျောင်းသုံးဖတ်စာအုပ်တွေကို အတည်ပြုလိုက်တဲ့ အတွက် ကျွန်တော်တို့ အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ပါတယ်"ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ဂျပန်လို တာကေရှီးမားဟု ခေါ်ဆိုသော ဒေါ့က်ဒိုကျွန်းများသည် အကြမ်းဖျင်းအားဖြင့် တောင်ကိုရီးယားနှင့် ဂျပန်ကြား အလယ်ပိုင်းခန့် ဂျပန်ပင်လယ်တွင် တည်ရှိသည်။

"သမိုင်းကို မှန်မှန်ကန်ကန်သင်ကြားပေးခြင်းဟာ တာဝန်တစ်ခုဆိုတာ ဂျပန်အစိုးရ မဖြစ်မနေသိသင့်ပါတယ်။ ဒီတာဝန်ဟာ သူ့ရဲ့အနာဂါတ်မျိုးဆက်တွေအတွက်သာမက အတိတ်က ဂျပန်ရဲ့ ကျူးကျော်မှုကို ခံစားရတဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်ပါဖြစ်သင့်ပါတယ်"ဟု ကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် အဆိုပါစာအုပ်များအား ပြန်လည်တည်းဖြတ်ရန်လည်း တိုက်တွန်းထားသည်။ တောင်ကိုရီးယားနှင့် ဂျပန်သည် ဆယ်စုနှစ်များစွာ ဆက်ဆံရေးဆိုးဝါးစေခဲ့သည့် စစ်တွင်းကာလလိင်ကျွန်ကိစ္စ အငြင်းပွားမှုနှင့် ပတ်သက်၍ လွန်ခဲ့သည့်နှစ်ကုန်က သဘောတူညီချက်ရရှိခဲ့သည်။

ဂျပန်စစ်တပ်က ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားအမျိုးသမီးများကို လိင်ကျွန်ပြုမှုအတွက် လှိုက်လှဲစွာဝမ်းနည်းကြောင်း တောင်းပန်ခဲ့ပြီး ယင်းလိင်ကျွန်အမျိုးသမီးများအား အမေရိကန်ဒေါ်လာ ၈ဒသမ၃သန်း လျော်ကြေးပေးခဲ့သည်။ တိုကျိုက အတည်ပြုခဲ့သော ကျောင်းသုံးစာအုပ်များအနက် ခြောက်အုပ်တွင် လိင်ကျွန်အမျိုးသမီးများအကြောင်းပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly