တရုတ်သည် အငြင်းပွားမှု ပြင်းထန်နေသော ရေပိုင်နက်တွင် တောင်းဆိုချက်များ ခိုင်မာစေရေးအတွက် ကြိုးပမ်းမှုအဖြစ် တောင်တရုတ်ပင်လယ်ဆိုင်ရာ ရေအောက်ရှေးဟောင်းသုတေသနဌာနကို မကြာမီက ထူထောင်ထားသည်။
ကျယ်ပြောလှသော တောင်တရုတ်ပင်လယ်သည် ပင်လယ်ရေကြောင်း ပိုးလမ်းမ၏ အရေးကြီးသော အစိတ် အပိုင်းဖြစ်ကြောင်း တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်တွင် ဖေဖော်ဝါရီလ ၁၈ ရက်ကပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေး ဒါရိုက်တာ လီချင်က ပြောကြားခဲ့သည်။
အဆိုပါဌာနဖွင့်လှစ်လိုက်ခြင်းကြောင့် တောင်တရုတ်ပင်လယ်သည် ရေအောက်ရှေးဟောင်းပစ္စည်းများ အများဆုံးရှိရာ ရေပြင်ဖြစ်ကြောင်း သိလာစေခဲ့သလို တရုတ်ယဉ်ကျေးမှုအမွေအနှစ်များအတွက် အရေးပါသော နေရာဖြစ်လာကြောင်း လီက ပြောခဲ့သည်ဟု အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာန၏ WeChat အကောင့်တွင် ရေးသားထားသည်။
ရှေးဟောင်းသုတေသနဌာနတည်ထောင်ခြင်းသည် တရုတ်ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းရန်နှင့် နိုင်ငံ တော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းအတွက် အထူးအရေးကြီးသည်" ဟု လီက ဆိုသည်။
တရုတ်၏ ရေပိုင်နက် ၉ နေရာသတ်မှတ်ချက် (nine-dash line) ကို အခြေခံ၍ တောင်တရုတ်ပင်လယ် အများစုကို တရုတ်၏ တောင်းဆိုချက်ကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားနေသည်။ ရေပိုင်နက်တောင်းဆိုသူများအကြား အချိန်နှင့်အမျှ တင်းမာမှုများ မြင့်တက်လာကာ အဆိုပါရေကြောင်းသည် ပဋိပက္ခဖြစ်နိုင်ခြေရှိသည့် နေရာတစ်ခုဖြစ်လာသည်။
တောင်တရုတ်ပင်လယ်ရေလမ်းကြောင်းရှိ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်နှင့် အာရပ်ကျွန်းဆွယ်တို့ကို ဆက်သွယ်ပေးသည့် သမိုင်းဝင်ပိုးလမ်းမ၏ ရေလမ်းကြောင်းနှင့် ချိတ်ဆက်ခြင်းအားဖြင့် တရုတ်သည် ရေအောက်ရှေးဟောင်းသုတေသနပညာရပ်ကို အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြသမည့်နည်းလမ်းအဖြစ် စဉ်းစားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဟိုင်နန်ပြည်နယ် အရှေ့ဘက်ရှိ ချုံဟိုင်မြို့တွင် ယွမ်သန်း ၂၅၀ (အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ သန်း) ကုန်ကျသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ရှေးဟောင်းသုတေသနစင်တာကိုဌာနကို ၂၀၁၂ ခုနှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းသုတေသနသုတေသနနှင့် ရှေးဟောင်းသင်္ဘောပျက်များ ပြန်လည်ဆယ်ယူမှုများ လုပ်ဆောင်သည့် စင်တာကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တ ရပ်နားခဲ့ရသည်။