ပါကစ္စတန်ရူပီးငွေ လက်ခံသည့် ဈေးဆိုင်များကို အာဖဂန်အာဏာပိုင်များ ပိတ်သိမ်း

By Tolo News
01 March 2023
ပါကစ္စတန်ရူပီးငွေ လက်ခံသည့် ဈေးဆိုင်များကို အာဖဂန်အာဏာပိုင်များ ပိတ်သိမ်း

အာဖဂန်နစ္စတန်နိုင်ငံ ဥရုဇ်ဂန်ပြည်နယ်တွင် ပါကစ္စတန်ရူပီးငွေ အသုံးပြုသည့် ဈေးဆိုင်များကို တာလီဘန်တပ်ဖွဲ့ဝင်များက ပိတ်သိမ်းလိုက်သည်။ 

အဆိုပါ ပြည်နယ်တွင် နိုင်ငံခြားငွေအသုံးပြုမှုကို တားမြစ်ထားပြီး ချိုးဖောက်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အာဖဂန်ငွေကြေးမြှင့်တင်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဒီပြည်နယ်သားတွေ အာဖဂန်ငွေတစ်မျိုးတည်းကို အသုံးမပြုမချင်း ဆက်နှိမ်နင်းသွားမှာပါ” ဟု အာဖဂန်ငွေကြေး မြှင့်တင်ရေးကော်မတီအဖွဲ့ဝင် ယိုဆစ်ဖ်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါဆုံးဖြတ်ချက်ကို ပြည်နယ်တွင်း နေထိုင်သူအချို့က ကြိုဆိုခဲ့ကြပြီး စျေးကွက်အတွင်း အာဖဂန်ငွေသား ပြတ်လပ်နေမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

“လူတွေက ရူပီးငွေနဲ့ ဈေးလာဝယ်ကြတယ်။ အာဖဂန်ငွေနဲ့ရှင်းဖို့ပြောရင် တခြားဆိုင်ကိုသွားကြတယ်”ဟု ဆိုင်ရှင်တစ်ဦးဖြစ်သူ အီဆန်နျူလာက ပြောကြားခဲ့သည်။
“ပြည်သူတွေက အာဖဂန်ငွေကိုတောင် မသိကြဘူး။ အာဖဂန်ငွေ ၂၀ တန် နဲ့ ၁၀၀ တန် ဘာကွာလဲဆိုတာလဲ မသိကြဘူး” ဟု ဆိုင်ရှင် ရာမာတူလာက ဆိုသည်။

“ပြည်သူတွေပေါ် ဒီလိုအတင်းအကျပ်မလုပ်ကြဖို့ အစိုးရကို တောင်းဆိုပါတယ်၊ ပြည်သူတွေအနေနဲ့ နိုင်ငံရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖြည်းဖြည်းချင်း သိလာမှာပါ” ဟု အခြားဒေသခံ ရှားမိုဟာမက်က ပြောကြားခဲ့သည်။

ဥရုဇ်ဂန်ပြည်နယ်တွင် ပါကစ္စတန်ရူပီးငွေကို နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြသော်လည်း အာဏာပိုင်များက အာဖဂန်ငွေကြေး အသုံးပြုမှု မြင့်တက်လာစေရန် မကြာသေးမီက ကြိုးပမ်းလာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly