အီရန်ရှိ အာဖဂန်သံရုံးကို တာလီဘန်ကြားဖြတ်အစိုးရထံ လွှဲပြောင်းပေးမည် The Khaama Press

By The Khaama Press
01 March 2023
အီရန်ရှိ အာဖဂန်သံရုံးကို တာလီဘန်ကြားဖြတ်အစိုးရထံ လွှဲပြောင်းပေးမည် The Khaama Press

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆွေးနွေးညှိနှိုင်းမှုများ လအတန်ကြာ ပြုလုပ်ပြီးနောက် တီဟီရန်မြို့ရှိ အာဖဂန်သံရုံးကို အာဖဂန်ကြားဖြတ်အစိုးရထံ လွှဲပြောင်းပေးရန် စီစဉ်နေသည်ဟု သံတမန်သတင်းရင်းမြစ်များက ပြောသည်။ 

အာဖဂန်သံရုံးအား မကြာမီရက်ပိုင်းအတွင်း တာလီဘန်များထံ တရားဝင်လွှဲပြောင်းပေးအပ်တော့မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရှိသည့် အာဖဂန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ 

မိုဟာမက်အက်ဖ်ဇယ်လ် ဟက္ကာနီအား အီရန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သဝဏ်လွှာတွင် ယခင်က ဖော်ပြခဲ့သည်။ သံရုံးရှိ ပထမအတွင်းဝန် ဟက္ကာနီသည် အီရန်နိုင်ငံရှိ အာဖဂန်သံတမန်အဖွဲ့၏ တာဝန်ခံဖြစ်လာမည်ဟု အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။

အစောပိုင်းတွင် ဟက္ကာနီသည် အီရန်မှ အာဖဂန်သို့ သွားပြီး တီဟီရန်ရှိ အာဖဂန်သံရုံး၏ အကြီးအကဲအဖြစ် ခန့်အပ်ကြောင်းသဝဏ်လွှာကို ယူကာ ပြန်လာခဲ့သည် ။ သို့သော် ဟက္ကာနီအား အီရန်နိုင်ငံဆိုင်ရာ သံအမတ်သစ်အဖြစ် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်မခံခဲ့ပေ။ လက်ရှိတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး အလေးအနက် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း အဆိုပါ အာဖဂန်သံတမန်က ပြောကြားခဲ့သည်။ 

တာလီဘန်ဦးဆောင်သည့် အစိုးရသည် ပြည်တွင်း တရားဝင်မှုမရသေးသည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း မရရှိသေးပေ။ လက်ရှိအချိန်အထိ တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမှ အသိအမှတ် မပြုသေးပေ။
တာလီဘန်ထံ အာဖဂန်သံရုံးများကို လွှဲပြောင်းပေးခဲ့သော ပါကစ္စတန်နှင့် ရုရှားတို့ပြီးလျှင် အီရန်သည် သံရုံးလွှဲပေးသည့် တတိယမြောက်နိုင်ငံ ဖြစ်သည်။

တာလီဘန်အဖွဲ့က ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ် အုပ်ချုပ်စဉ်ကာလမတူဘဲ ယခုတစ်ကြိမ်တွင် အီရန်သည် အာဖဂန် အာဏာပိုင်များနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့သည်။ အမေရိကန်တပ်ဖွဲ့များ ရုတ်တရက် ထွက်ခွာသွားပြီးနောက် အီရန်သည် အာဖဂန်ရှိ ၎င်း၏ သံရုံးကို ဆက်လက်လည်ပတ်ခဲ့ပြီး တာလီဘန်အစိုးရနှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံခဲ့သည်။

ထို့ပြင် ယခုကဲ့သို့ ခက်ခဲသောကာလများအတွင်း အာဖဂန်နစ္စတန်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းဖြင့် အီရန်တာဝန်ရှိသူများက အာဖဂန်အိမ်စောင့်အစိုးရအား လူမျိုးပေါင်းစုံနှင့် နိုင်ငံရေးအုပ်စုများအားလုံးကို ကိုယ်စားပြုသည့် အားလုံးပါဝင်ခွင့်ရှိသော အစိုးရတစ်ရပ် ဖွဲ့စည်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly