ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံး

By နောင်နောင်
28 February 2023
ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံး

မဇ္ဈိမ။    ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရှေ့ထွက်ကင်းပတ်အဖွဲ့နှင့် ထီးလင်း PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ကင်းပတ်အဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားကြောင်း ထီးလင်း PDF ၊ တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ နှစ်ဘက်ထိတွေ့ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ရေဖြူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၄ )ကို လုံခြုံရေးယူပေးရန် ထီးလင်းမြို့နယ်ဘက်ခြမ်းက ပုံတောင်နတ်ထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦးခန့် ပါဝင်သော ရှေ့ထွက်ပတ်ကင်းအဖွဲ့က ဆိုင်ကယ်ဖြင့် လှည့်ကင်းပတ်လာစဉ် ထီးလင်း PDF တို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း ဆိုင်ကယ်ဖြင့် လှည့်ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

“ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်စပ်ကြား၊ နယ်စပ်လို့ ခေါ်ရမှာပေါ့၊ အဲဒီမှာ ကပစ (၂၄) ရဲ့ ကင်းစခန်းတစ်ခုရှိတယ်၊ အဲဒီဘက်ကို ကင်းပတ်တဲ့အချိန်မှာ သူတို့လည်း ကင်းပတ်တာနဲ့ သွားတွေ့တာပေါ့၊  သုံးယောက်လုံးသေဆုံးသွားတယ်ဆိုတာ ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတာမို့လို့ အတည်ပြုနိုင်တာပါ” ဟု ထီးလင်း PDF ၊ တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

ထီးလင်း PDF ဘက်က ထိခိုက်ကျဆုံးသူ မရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ပုံတောင်နတ်ထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ပုံမှန်အားဖြင့် သုံးယောက်တစ်ဖွဲ့ ဆိုင်ကယ်များဖြင့် ရှေ့ထွက်လှည့်ကင်းပတ်လေ့ ရှိသည်ဟု သိရသည်။

ထိတွေ့ပစ်ခတ်မှုသည် ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ကိုင်ဆောင်လာသော MA 11 သေနတ်တစ်လက် ကျည်ဘောက် သုံးခု နှင့် ကျည်တောင့် ၈၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDF က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ပေါက်မြို့နယ်၊ ရေဖြူကျေးရွာနှင့် သုံးမိုင်ခန့် ဝေးကွာသော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် (၂၄) ကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက တိုက်ခိုက်မည်ကို စိုးရိမ်၍ ပုံတောင်နတ်ထိပ်ဂိတ်၊ ရေဖြူကင်းစခန်းဂိတ်နှင့် သရက်တောဂိတ် သုံးခုဖြင့် စစ်ကောင်စီ တပ်က လုံခြုံရေးယူထားလျှက် ရှိသည်။

“ဂိတ်သုံးခု စောင့်နေတာပေါ့၊ ဘေးနားပတ်ချာလည်မှာလည်း ပျူစောထီးရွာတွေရှိတယ်၊ ပျူစောထီးရွာ နှစ်ရွာသုံးရွာလောက်ရှိတယ်၊ ပတ်ပတ်လည်မှာတော့ သူတို့ (စစ်ကောင်စီတပ်) ရဲ့ ဂိတ်တွေလို့ ပြောရမှာပေါ့” ဟု တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ မကွေးတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးလက်ဒေသများကို လက်လွှတ်ထားရသော အာဏာသိမ်းစစ်ကောင်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly