မြန်မာအတွက် လူသားချင်း စာနာထောက်ထားရေး နောက်ထပ် အကူအညီ ဒေါ်လာ သန်း ၆၀ ကျော် ဂျပန် ထောက်ပံ့မည်  

မြန်မာအတွက် လူသားချင်း စာနာထောက်ထားရေး နောက်ထပ် အကူအညီ ဒေါ်လာ သန်း ၆၀ ကျော် ဂျပန် ထောက်ပံ့မည်  

မြန်မာနိုင်ငံအား လူသားချင်း စာနာထောက်ထားရေး အကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၃ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက အင်္ဂါနေ့တွင် ပြောသည်။ 

ပြီးခဲ့သည့်နှစ်မှစကာ ယိုယွင်းဆိုးဝါးလာသည့် အခြေအနေကြောင့် လူသားချင်း စာနာထောက်ထားရေး အကူအညီ လိုအပ်ခြင်းများ ရုတ်ခြည်း တိုးမြင့်လာခြင်းကို တုံ့ပြန်ပြီး မြန်မာနိုင်ငံအတွက် နောက်ထပ် လူသားချင်း စာနာထောက်ထားရေး အကူအညီ စုစုပေါင်း ဒေါ်လာ ၆၀ ဒသမ ၃ သန်း ထောက်ပံ့မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

အဆိုပါ အကူအညီမှာ UNHCR၊ UNICEF၊ WFP နှင့် အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲ့မှုအရေး လူသားချင်း စာနာထောက်ထားရေး အကူအညီဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး စင်တာ AHA Centre တို့မှ တစ်ဆင့် ထိခိုက်မှုရှိရာ ပြည်သူများထံ ပေးပို့သွားမည် ဖြစ်သည်။ 

“စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနဲ့ ခိုလှုံရာတွေအပြင် ရေနဲ့ မိလ္လာစနစ် အခြေခံ အဆောက်အအုံတွေ၊ အာဟာရ ပြည့်ဝရေး၊ ဆေးဝါး ဝန်ဆောင်မှု၊ ပညာသင်ကြားခွင့်နဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကိုပါ ဂျပန်က ပံ့ပိုးပေးမှာ ဖြစ်တယ်”ဟု ဝန်ကြီးဌာနက ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှစကာ မြန်မာနိုင်ငံ၏ အမျိုးမျိုးသော နယ်ပယ်များတွင် “အကြမ်းဖက်တိုက်ခိုက်မှုများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း” ဂျပန်က ပြောသည်။ 

“ဒီအတွက် မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားရေး အခြေအနေဟာ ဆက်လက်ပြီး ဆိုးဝါးနေတယ်”ဟု ထုတ်ပြန်ချက်၌ မှတ်ချက်ပြုသည်။ 

ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူများ အပါအဝင် မြန်မာပြည်သူ ၁၇ ဒသမ ၆ သန်းက “လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်”ဟု ယင်းက ဆိုသည်။ 

လက်ရှိအထိ ဂျပန်နိုင်ငံသည် ကုန်လွန်ခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NGOs များမှ တစ်ဆင့် မြန်မာနိုင်ငံအား လူသားချင်း စာနာထောက်ထားရေး အကူအညီ ဒေါ်လာ ၄၇ သန်း ကျော် ထောက်ပံ့ကာ မြန်မာပြည်သူများအတွက် တိုက်ရိုက် အကျိုးခံစားရစေသည်ဟု ဝန်ကြီးဌာနက ပြောသည်။ 

ဂျပန်နိုင်ငံအနေဖြင့် “လူသားချင်း စာနာထောက်ထားရေး အကူအညီများ ဘေးကင်းစွာနှင့် အတားအဆီးမဲ့စွာ လက်ခံရေး မြန်မာဖက်အား တိုက်တွန်းရင်း လူသားချင်း စာနာထောက်ထားရေး အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း” ဝန်ကြီးဌာနက ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly