FATF အဖွဲ့က သတ်မှတ်ထားသည့်  အမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံဆက်လက်တည်ရှိနေ 

By မေဘယ်လ်သူ (မဇ္ဈိမ)
28 February 2023
FATF အဖွဲ့က သတ်မှတ်ထားသည့်  အမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံဆက်လက်တည်ရှိနေ 

ငွေကြေးခဝါချမှုအပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ ဖြစ်သည့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် FATF ၏  ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံကို အမည်မည်းစာရင်းတွင်သာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အီရန်နှင့် မြောက်ကိုရီးယား နိုင်ငံများနှင့်အတူ FATF ၏ အမည်မည်းစာရင်းတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ၎င်းတို့အကြံပြုထားသည့် လုပ်ဆောင်ချက်အစီအစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းလည်း FATF က တိုက်တွန်းထားသည်။ 

FATF က သတ်မှတ်ထားသည့် အမည်းရောင်နှင့် မီးခိုးရောင်အဆင့် စာရင်းတွင်ရှိနေသည့် နိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ငွေကြေးအကူအညီများ ပေးအပ်မည်မဟုတ်ကြောင်းလည်း သိရသည်။ 

မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)မှ အမည်ပျက်စာရင်းထည့်သွင်းထားသော်လည်း “၎င်းအဖွဲ့မှ ချမှတ်ထားသည့် ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ရရှိခဲ့ကြောင်း” စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပြန်သည်။ 

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ကြောင်း အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုးများဆက်တိုက်ကျဆင်းနေခြင်း ဖြစ်သည်။ 

FATF ၏ အမည်ပျက်စာရင်းထဲသို့ မြန်မာနိုင်ငံရောက်ရှိသွားသောကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်နေသည့် ငွေရေးကြေးရေးစီးဆင်းမှုများအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိပြီးသော မြန်မာနိုင်ငံသားဘဏ်အကောင့်များမှ ငွေစီးဆင်းမှုများတွင် ယခင်ထက်များပြားသည့် အဆင့်များအား ဖြတ်ကျော်လုပ်ကိုင်ရမည့် အခက်အခဲများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပြောဆိုထားသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly