ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်တို့က မျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ခြင်းအား အိုင်စီစီက စစ်ဆေးရာတွင် အမေရိကန်ကူညီမည်

ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်တို့က မျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ခြင်းအား အိုင်စီစီက စစ်ဆေးရာတွင် အမေရိကန်ကူညီမည်

ဝါရှင်တန်၊ မတ် ၁၈ ။             ။ အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက ကျူးလွန်သော လူမျိုးတုံးသတ်ဖြတ်မှုအား နိုင်ငံတကာပြစ်မှုတရားရုံး(ICC) က စုံစမ်းစစ်ဆေးရာတွင် အမေရိကန်က ကူညီရန် အသင့်ရှိသည်ဟု အိမ်ဖြူတော်က ပြောသည်။

"လူမျိုးတုံးသတ်ဖြတ်မှုကို လွတ်လွတ်လပ်လပ်စုံစမ်းစစ်ဆေးမှုတွေလုပ်ရာမှာ့အမေရိကန်က ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟု အိမ်ဖြူတော်ပြောခွင့်ရအမျိုးသား ဂျော့ရှ်အန်းနက်စ်က ကြာသပတေးနေ့တွင် ပြောသည်။ အထောက်အထားစုဆောင်းရာတွင် ICC အားအထောက်အကူပေးရန် သမ္မတဘားရက်အိုဘားမား၏ အစိုးရအဖွဲ့က ဆန္ဒရှိသည်ဟု အန်းနက်စ်က ထပ်မံပြောသည်။

အိုင်အက်စ်အုပ်စုသည် ဘာသာရေးလူနည်းစုများ အထူးသဖြင့် အီရတ်နှင့် ဆီးရီးယားရှိ ရှီးယားမွတ်စလင်များ၊ ခရစ်ယာန်များ၊ အီဇာဒီကာ့ဒ်များ အပေါ်လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လျက်ရှိသည်ဟု မတ် ၁၆ အစောပိုင်းက အမေရိကန်က ကြေညာခဲ့သည်။

"အမေရိကန်ဟာ မှတ်တမ်းမှတ်ရာတွေ စုဆောင်းတာ၊ ထိန်းသိမ်းတာနဲ့ ရက်စက်မှုအထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေလုပ်ရာမှာ ကူညီမှာပါ။ ပြီးတော့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး တရားခွင်တင်နိုင်ဖို့လည်း အမေရိကန်က အစွမ်းကုန် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အမေရိကန်သည် အိုင်စီစီဝင်မဟုတ်သော်လည်း အိုဘားမားအစိုးရအဖွဲ့က ယင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် ပေါ်လစီကို စတင်နေသည်။ ဆီးရီးယားအစိုးရကို ဖြုတ်ချရန် ၂၀၁၂က စီအိုင်အေက အရင်ဆုံးလေ့ကျင့်ပေးခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားများသည် ယခုအခါ အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားသည်။

အိုင်အက်စ်တို့သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် လူ့အသိုင်းအဝိုင်းအားလုံးမှ လူများကို အများရှေ့ခေါင်းဖြတ်သတ်ခြင်း၊ကားစင်တင်သတ်ခြင်းတို့ အပါအဝင် ရက်စက်သည့် အကြမ်းဖက်မှုများကို ပြုလုပ်လျက်ရှိသည်။ ၂၀၁၁ မတ်လကတည်းက အမေရိကန်နှင့် ဒေသတွင်းမဟာမိတ်များသည် အိုင်အက်စ်တို့အား တိုက်ခိုက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly