မန္တလေးတွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ပြီး ရေပြတ်လပ်မှုဖြစ်နေ

By 007 မဇ္ဈိမ
27 February 2023
မန္တလေးတွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ပြီး ရေပြတ်လပ်မှုဖြစ်နေ

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ရာမှ သောက်သုံး ရေပြတ်လပ်မှုနှင့်ကြုံတွေ့နေကြရကြောင်း ဒေသခံများထံကသိရသည်။

“မီးဆိုးဆိုးရွားရွားပြတ်တာက တစ်လလောက်ရှိနေပြီ၊ ရေမတင်နိုင်တော့တာကတော့ ပြီးခဲ့တဲ့တစ်ပတ် ကစတာပဲ။ ကျွန်တော်တင်မဟုတ်ဘူး ဒီအိမ်ရာတစ်ခုလုံးက ကြိုက်တဲ့သူသွားမေးကြည့်၊ သုံးစရာရေမရှိ တော့ဘူး။ တတ်နိုင်သူတချို့က မီးစက်ငှားပြီး ရေတင်တယ်၊ တချို့က ရေသန့်ဘူးကြီး၀ယ်သုံးကြတယ်၊ မသုံးနိုင်သူတွေမှာတော့ ဒုက္ခလှလှကြီးတွေ့ကြတာပေါ့ဗျာ” ဟု မန္တလေးမြို့သစ် မြရည်နန္ဒာအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှု တစ်လကျော်ကြာခဲ့ပြီးနောက်၊ နောက်ဆက် တွဲ လူမှုဒုက္ခအဖြစ်၊  အထပ်မြင့်တိုက်ခန်းနေထိုင်သူများ သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

ယခင်က တစ်ရက်လျှင် မီးလာချိန်လေးနာရီခန့်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုနှစ်နှစ်ပြည့် နောက်ပိုင်း မှစ၍ တစ်ရက်လျှင် လျှပ်စစ်မီးအသုံးပြုရချိန် နှစ်နာရီ၀န်းကျင်သာရှိတော့ကြောင်း၊ အကျိုးဆက်အဖြစ် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“မီးလာချိန်က အင်မတန်နည်းသွားတယ်။ ၁၀ မိနစ်လောက်လွှတ်ပေးပြီး၊ နေ့တစ်၀က်လောက်ပျက်တယ်၊ တစ်ရက်လုံးမှာ မီးလာချိန် နှစ်နာရီဆိုတာ ရှာမှရှားပဲ၊ ပရဟိတတွေရှိနေလို့သာ မျက်နှာသစ်စရာရေ ရနေတာ။ ခုနွေမဟုတ်သေးဘူး ဒီလောက်အထိရေပြဿနာဖြစ်နေတာ နောက်လတွေဘယ်လိုဖြတ်သန်း ရမယ်မသိဘူး” ဟု အောင်မြေသာစံမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

မန္တလေးမြို့တွင် ယခုနှစ်ဇန်နဝါရီလမှစ၍ တစ်မြို့လုံးနီးပါး လျှပ်စစ်မီးဆိုးဆိုးရွားရွားပြတ်တောက်နေခြင်း ဖြစ်ပြီး အထပ်မြင့်တိုက်ခန်းဖြင့်နေထိုင်ကြသည့် အိမ်ထောင်စုပေါင်း ၁,၀၀၀ နီးပါးမှာ လတ်တလောတွင် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

“ဒါ အခုလတ်တလောကို ပြောတာနော်၊ မြရည်နန္ဒာထဲမှာတင် အိမ်ထောင်စု ၅၀၀ လောက် ရေဒုက္ခ ရောက်နေတယ်။ မနှစ်က အထပ်မြင့်တွေအပါအ၀င် မြို့သစ်ရောမြို့ထဲရော စုစုပေါင်း ရေဂါလံသိန်းနဲ့ချီ ကူညီပေးခဲ့ရတယ်” ဟု ပရဟိတသမားတစ်ဦးကပြောသည်။

Photo HMO

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required